> 首页 > MFN

ငွေကြေးဖောင်းပွမှုနှုန်း တိုးမြင့်လာခြင်း အန္တရာယ်စက်ကွင်းထဲက မြန်မာ

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဘတ်ဂျက်လိုငွေပြမှုသည် ၅ရာခိုင်နှုန်းအထက်သို့ ရောက်ရှိလာလျှင် အန္တရာယ်ရှိသည်ဟု ယူဆနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကဆိုထားပါတယ်။ ကမ္ဘာတစ်ဝန်းတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်းပဋိပက္ခနှင့် ကိုဗစ်၁၉ကိုတားဆီးရန် အသွားအလာကန့်သတ်ထားမှုကြောင့် မြန်မာနိုင်ငံတွင်း အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး အိမ်ထောင်စုဝင်ငွေ လျော့နည်းလာနေပါတယ်။

ကိုဗစ်၁၉ရဲ့နောက်ဆက်တွဲ ကုစားနေရတဲ့ ကမ္ဘာ့ကြီးအနေနဲ့ ယခုနောက်ပိုင်းမှာ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် တစ်ပူပေါ်နှစ်ပူဆင့် စီးပွားရေးကျဆင်းခြင်း၊ ဘဏ္ဍာရေးပြိုလဲမှုများကြောင့် အထွေထွေကုန်ကျစရိတ်များ၊ စက်သုံးဆီဈေးနှုန်းများ ထိုးတက်ခြင်းများကို ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ခံစားနေကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နိုင်ငံတကာသတင်းတစ်ပုဒ်တွင် ပြင်သစ်စူပါမားကက်များနှင့် ဓာတ်ဆီဆိုင်များသည် အချို့သောထုတ်ကုန်များ၏ ဈေးနှုန်းများကိုနောက်လအနည်းငယ်အထိ ပုံသေသတ်မှတ်ပေးခြင်းဖြင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းအား ဖြေရှင်းရန်ကြိုးစားနေကြတယ်လို့ ဖော်ပြတာကိုတွေ့ရှိခဲ့ရပါတယ်။

ယခုဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လအတွင်း မြန်မာငွေတန်ဖိုးလျင်မြန်စွာ ကျဆင်းလာခြင်းကြောင့် မြန်မာ့စီးပွားရေးသည် သီရိလင်္ကာနိုင်ငံကဲ့သို့ ဖြစ်လာမလားဆိုသည့် မှန်းဆချက်များရှိနေသလို ကျပ်ငွေတန်ဖိုး ဖောင်ပွလာမှုကြောင့် ငွေအစားဘာတွေကိုင်ထားကြမလဲဆိုတဲ့ မေးခွန်းပေါင်းများစွာ အတွက်လည်း အခြေခံလူတန်းစားတွေအတွက် အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခုဖြစ်လာနေပါတယ်။

နစကတာဝန်ယူချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အကူအညီများနှင့် ပို့ကုန်တင်ပို့မှုကျဆင်းခြင်းကြောင့် နိုင်ငံခြားဝင်ငွေ ကျဆင်းသွားကာပြည်တွင်း၌ ဒေါ်လာလိုအပ်ချက် ကြီးမားလာပြီး ကျပ်ငွေအပေါ်ယုံကြည်မှု ကျဆင်းလျက်ရှိနေပါတယ်။

ကမ္ဘာ့ဘဏ်၏၂၀၂၂ခုနှစ် ဇွန်လအတွင်းက နောက်ဆုံးထုတ်ပြန်ထားတဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ ထုတ်ပြန်ပြီး၂၀၂၂ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း ဖြစ်ပေါ်လာနေသည့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် စက်မှုထုတ်ကုန်များ ထုတ်လုပ်မှုကျဆင်းလာခြင်းတို့ကို ကြည့်လျှင်ယင်းသုံးသပ်ချက်သည် မှန်ကန်တယ်လို့ ဆိုရမလိုပင်ဖြစ်ပါတယ်။

၂၀၁၉-၂၀ဘဏ္ဍာနှစ် (၂၀၁၉၊အောက်တိုဘာလမှ ၂၀၂၀၊စက်တင်ဘာ)တွင် ဘဏ္ဍာငွေအရသည် ခန့်မှန်းထားသည့်အတိုင်း ရရှိသည်(သို့မဟုတ်) ပိုမိုသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ၌ ဖော်ပြထားပြီး၊ အခွန်မှရရှိသည့် ဘဏ္ဍာငွေဟာ စုစုပေါင်းဘဏ္ဍာငွေ ရရှိမှု၏၃၀ရာခိုင်နှုန်းရှိပြီး ၂၀၂၀-၂၁ဘဏ္ဍာနှစ်တွင် ထိုအခွန်မှရရှိငွေသည် စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ)၏ (၆ဒသမ၅)ရာခိုင်နှုန်းမှ (၄ဒသမ၉)ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့တယ်လို့ ဆိုထားပါတယ်။

အကျိုးဆက်အားဖြင့် ဘဏ္ဍာငွေအရအသုံးတွင် လိုငွေပြမှုသည် ၂၀၂၀-၂၁တွင် စုစုပေါင်းကျပ်(၈,၈၈၀)ဘီလီယံ (ဂျီဒီပီ၏၉ဒသမ၂ရာခိုင်နှုန်း)ရှိ ပြီး(၂၀၂၁-၂၂ဘဏ္ဍာနှစ်) ၆လကာလတို ဘတ်ဂျက်မှာပင် လိုငွေပြမှုဟာကျပ်(၃,၈၀၀) ဘီလီယံ(ဂျီဒီပီ၏၅ဒသမ၂ရာခိုင်နှုန်း) ရှိခဲ့သည်။ လက်ရှိ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်လည်း နစက၏ဘတ်ဂျက်အရ လိုငွေပြမှုသည် ကျပ်၇,၃၉၉ဘီလီယံ (ဂျီဒီပီ၏၆ဒသမ၇ရာခိုင်နှုန်း) ရှိနေတယ်လို့ သိရှိရပါတယ်။

မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက“လူသုံးကုန်ပစ္စည်းတွေ ဈေးတက်လာတဲ့အတွက် အမေရိကန်ဗဟိုဘဏ်က၊ ပြီးခဲ့တဲ့ဂျူလိုင်လ၂၇ရက်နေ့မှာ သော့ချက်ကျတဲ့ အတိုးနှုန်းတွေကို (၀ဒသမ၇၅)ရာခိုင်နှုန်း တိုးမြှင့်လိုက်ပါတယ်။ ဒါဟာဒီနှစ်အတွင်း လေးကြိမ်မြောက် တိုးမြှင့်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ (Inflation)ဆိုတာဖြစ်ဖို့ (cause)တွေ အများကြီးရှိပါတယ်။ အတိုးနှုန်းတွေမြှင့်လိုက်တဲ့ ကိစ္စဟာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေလည်း ရှိလာနိုင်ပါတယ်။ အတိုးနှုန်းတွေ မြှင့်တင်လိုက်တဲ့အချိန်မှာ ချေးငှားခတွေ စျေးတက်တာ၊ ငွေကြေးဖေါင်းပွတာနဲ့ တိုးတက်မှုနှုန်း နှေးကွေးတာတွေ တပြိုင်နက်ဖြစ်လာတာကြောင့် စီးပွားရေးကျဆင်းမှု ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်ဗဟိုဘဏ်ရဲ့ တာဝန်ကအသေအချာ ဂရုတစိုက်လှုပ်ရှားဖို့ လိုပါတယ်”လို့ သူ့အမြင်ကို သုံးသပ်ပြောပါတယ်။

ယခုလည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘတ်ဂျက်လိုငွေပြမှုကို ဗဟိုဘဏ်မှ ငွေစက္ကူရိုက်ထုတ် ဖြည့်ဆည်းရမှုမြင့်တက်လာနေသည်ဟု မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ၌ ဖော်ပြထားပြီး၊ ပြီးခဲ့သည့်၂၀၂၁အောက်တိုဘာမှ ၂၀၂၂မတ်လအထိ ၆လဘတ်ဂျက်ငယ်မှာပင် လိုငွေစုစုပေါင်း၏ ၅၅ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ဖြည့်ဆည်းပေးခဲ့နိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ထိုကဲ့သို့ ငွေစက္ကူရိုက်ထုတ်၍ လိုငွေကိုဖြည့်ဆည်းပေးရခြင်းကြောင့်လည်း အကျိုးဆက်အားဖြင့် မြန်မာကျပ်ငွေတန်ဖိုးသည် ၂၀၂၁ခုနှစ်၌ ၃၀ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြထားပြီးပြီးခဲ့သည့် ဇူလှိုင်လမှစတင်၍ မြန်မာကျပ်ငွေသည် လျင်မြန်စွာ ကျဆင်းလျက်ရှိပြီး လက်ရှိငွေလဲလှယ်နှုန်းသည် အမေရိကန်၁ဒေါ်လာလျှင် ၃,၀၀၀ကျပ်ခန့်နှင့် ထိုင်းဘတ်ငွေနှင့်ဆိုလျှင် ၇၂ကျပ်ခန့် ရှိနေပါတယ်။



ဘဏ်နှင့်ငွေရေးကြေးရေးကဏ္ဍအကျပ်အတည်း


၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၁ရက်နေ့မှစ၍ ပထမဆုံးထိခိုက်ရသည့် စီးပွားရေးနှင့်သက်ဆိုင်သည့် ကဏ္ဍမှာဘဏ်လုပ်ငန်းများဟု ဆိုရမှာဖြစ်ပြီး ပြည်သူများက ဘဏ်များအပေါ် ယုံကြည်မှုနည်းပါးသွားခြင်းသည် အဆိုးဆုံးလို့ ဆိုရမှာဖြစ်ပါတယ်။

မည်သည့်နိုင်ငံမဆို နိုင်ငံအတွက် လိုအပ်သည့်အရေးကြီး သွင်းကုန်ပစ္စည်းများ တင်သွင်းနိုင်ရန် လုံလောက်သည့် နိုင်ငံခြားအရန် ငွေရှိရန်လိုအပ်ပြီး ထိုအရံငွေမရှိပါက အရေးကြီးသွင်းကုန်ပစ္စည်းများကို လုံလောက်စွာ မတင်သွင်းနိုင်ပေ။ ပို့ကုန်ပစ္စည်းများနှင့် ပြည်တွင်းစက်မှု လုပ်ငန်းများအတွက်လည်း သွင်းကုန်များမရှိပါက ပို့ကုန်နှင့်ပြည်တွင်း ကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သီရိလင်္ကာနိုင်ငံလက်ရှိ ကြုံတွေ့နေရသည့် စီးပွားရေးပြိုလဲမှုတွင် အဆိုပါ Balance of Payments(BOP) ပြဿနာတွင် မြစ်ဖြားခံတယ်လို့ ဆိုနိုင်ကာ နိုင်ငံအစိုးရတွင် ဒေါ်လာခမ်းခြောက်သွားခြင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်တာကို တွေ့ရှိရပါတယ်။

သီရိလင်္ကာနိုင်ငံ ဥပမာအရအရေးကြီး သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးဝါး၊စက်သုံးဆီနှင့် အိမ်သုံးဓာတ်ငွေ့အိုးများ မတင်သွင်းနိုင်တော့ခြင်း ကလည်း ပြည်သူအများအတွက် ကြီးစွာဒုက္ခဖြစ်စေခဲ့ပြီး သီရိလင်္ကာနိုင်ငံ၏BOPပြဿနာဟာ နိုင်ငံခြားကြွေးမြီ များပြားနေခြင်းနှင့် ပြန်လည်မပေးဆပ်နိုင်မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်တာကို တွေ့ရှိရပါတယ်။


ပြင်ပဒေါ်လာပေါက်ဈေးမှာအတက်ကြမ်းနေမှု


၂၀၂၁ဇန်နဝါရီလအတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်၁၃၀၀ကျော်သာရှိခဲ့သော်လည်း တစ်နှစ်ခွဲကျော်ကာလတွင် တစ်ဒေါ်လာကျပ် (၃၀၀၀)နီးပါး ဖြစ်လာနေပါတယ်။ ဩဂုတ်လ(၂၃)ရက် ညနေပိုင်းရန်ကုန် ဒေါ်လာအရောင်းအဝယ် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေသည့်ဈေးနှုန်းမှာ အမေရိကန်(၁)ဒေါ်လာလျင် (၂၉၇၀)ကျပ်နှင့် (၂၉၈၀)ကျပ်အသီးသီး ဈေးပေါက်နေပြီး ဗဟီုဘဏ်သတ်မှတ်ဈေးနှုန်းနှင့် ကျပ်(၈၀၀)ကျော် ကွာဟနေတာပါ။

နစကက ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းများ၏ နိုင်ငံခြားဝင်ငွေများအပေါ် ကန့်သတ်မှုများလုပ်ဆောင်ခဲ့ရာမှ ပြည်တွင်းဒေါ်လာ ဈေးကွက်ကမောက်ကမ ဖြစ်ပေါ်ကာ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ငွေဈေးကစားသူများ၏ ဈေးနှုန်းကစားမှုကြောင့် ဒေါ်လာတန်ဖိုး ထိန်းချုပ်ရန် ဗဟိုဘဏ်ကိုယ်တိုင် အကြပ်ရိုက်နေခြင်းဖြစ်ကြောင်း ပြည်တွင်းငွေရေးကြေးရေး ကျွမ်းကျင်သူများက သုံးသပ်မှုများရှိနေပါတယ်။


ဒေါ်လာငွေမတည်ငြိမ်ချိန်ရွှေဈေးပါအတက်ဘက်ရောက်ရှိလာ


ရန်ကုန်တိုင်းရွှေအသင်းက သတ်မှတ်သည့်ရွှေဈေးမှာ ဩဂုတ်၂၄ရက်တွင် မီးလင်းအခေါက်ရွှေတစ်ကျပ်သားဟာ 2,046,000 (ကျပ်သိန်းနှစ်ဆယ်လေးသောင်းခြောက်ထောင်) ဈေးဖွင့်ထားပေမယ့် ပြင်ပရွှေဈေးကွက်တွင် ယခုရက်ပိုင်းရွှေဈေးဟာ ၂၆သိန်းနှင့်၂၇သိန်းကြားအထိ ဖြစ်လာနေပါတယ်။

ရွှေထုတ်လုပ်မှုနှင့် သန့်စင်လုပ်ငန်းများ ပြန်လည်ပတ်နေသည့်အပြင် လက်ဝတ်ရတနာပြန်လည်ရောင်းချမှုကြောင့် ပြည်တွင်းရွှေပြတ်လပ်မှုမဖြစ်နိုင်ကြောင်း၊ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် ပိုလာကြောင်းရွှေအရောင်းဆိုင် လုပ်ငန်းရှင်များ အသိုင်းအဝိုင်းကဆိုပါတယ်။

ထိုအချက်များကြောင့် ၂၀၁၉-၂၀ပြည့်နှစ်ဘဏ္ဍာနှစ်နှင့် ၂၀၂၀-၂၁ခုနှစ်ဖေဖော်ဝါရီလ မတိုင်ခင်အထိ မြန်မာ့စီးပွားရေးသည် ကိုဗစ်၁၉ကပ်ဘေးကြောင့် ကျဆင်းသွားသော်လည်း အနုတ်လက္ခဏာမပြသေးဘဲ တည်ငြိမ်လျက်ရှိရာမှ ယခုအခါတွင်မူ မူဝါဒဆိုင်ရာတည်ငြိမ်မှုမရှိတော့ဘဲ မူဝါဒထက်အမိန့်ကြော်ငြာစာဖြင့် အပြောင်းအလဲများ လျင်မြန်စွာဖြစ်ပေါ်နေသဖြင့် စီးပွားရေးကဏ္ဍကြီး တခုလုံးလည်း မတည်ငြိမ်ဖြစ်နေရပါတယ်။

တနည်းအားဖြင့်ဆိုလျှင် စီးပွားရေး၏ အခြေခံအုတ်မြစ် Economic Fundamentals များပြုတ်ထွက်နေခြင်းကြောင့် မြန်မာ့စီးပွားရေး လားရာသည်၂၀၂၂ခုနှစ်တွင် အကောင်းဘက်သို့ ဦးတည်ခြင်းထက် ပိုမိုဆိုးဝါးနိုင်သည့် အခြေအနေဖြစ်နေတာလို့ မြန်မာ့စီးပွားရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးက“အခုကနိုင်ငံမှာ Inflationစနေတာပေါ့။ Inflationကတော့ တကယ်တမ်းအမျိုးအစား ၄မျိုးလောက်ရှိတယ်။ Creeping Inflation ကတော့ တစ်နှစ်၃ရာခိုင်နှုန်းသို့မဟုတ် ၃ရာခိုင်နှုန်းအောက် ဈေးနှုန်းတက်တာပေါ့။ နောက်walking Inflation ကတော့အခု USနဲ့ အခြားနိုင်ငံအချို့မှာ စကြုံနေရတဲ့ဟာပေါ့ တစ်နှစ်ကို၃ရာခိုင်းကနေ ၁၀ရာခိုင်နှုန်းအထိ မြင့်လာတာပေါ့။ မြန်မာနိုင်ငံ ကြုံနေရတာက Galloping Inflationပေါ့၊ ၁၀ရာခိုင်နှုန်းအထက် မြင့်တက်သွားတာ၊ အခုမြန်မာမှာငွေတန်ဖိုးတွေ မြန်မြန်ကျလာတဲ့အတွက် လုပ်ငန်းတွေ၊ ဝန်ထမ်းတွေတနေ့တနေ့ တက်လာတဲ့ဈေးနှုန်းတွေကို လိုက်မမှီတော့ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း အဲလိုနိုင်ငံမျိုးဆို ရင်းနှီးမြှုပ်နှံဖို့ အရမ်းကြောက်တယ်။ အဲ့Inflationကြောင့် စီးပွားရေးမငြိမ်တာ၊ နိုင်ငံကိုတာဝန်ယူထားသူတွေကလည်း ထိန်းချုပ်လို့မရတော့တဲ့ အဲ့လိုအခြေအနေပေါ့”လို့ သူ့အမြင်ကို ပြောပါတယ်။

ထို့အပြင်နောက်ထပ် Inflation တစ်မျိုးဖြစ်တဲ့နိုင်ငံတစ်ခုအတွက် အဖတ်ဆယ်လို့မရတော့အထိ အခြေအနေဖြစ်နိုင်တဲ့ Hyper Inflation အမျိုးအစားကတော့  တစ်လအတွင်းငွေကြေးဖောင်းပွမှု ၅၀ရာခိုင်နှုန်းအထက် မြင့်တက်သွားနိုင်ပြီး ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ကာ စီးပွားရေးလည်ပတ်မှုတွေဖြစ်လာပါက လုံးဝထိန်းချုပ်လို့မရတဲ့ အခြေအနေဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံကလည်း အဲ့ဒီလိုအခြေအနေကို နီးစပ်နေပြီလို့ စီးပွားရေးသုတေသီတွေက တညီတညွှတ်တည်း ထောက်ပြနေပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်ကျော်အတွင်း တစ်လပြီးတစ်လ စက်သုံးဆီဈေး၊ ရွှေဈေးများအဆမတန် တက်လာခြင်း၊ ဒေါ်လာငွေလဲနှုန်း မူဝါဒခဏခဏ ပြောင်းလဲလာပြီးနောက် အခြေခံကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသည့် ဒဏ်ကိုဝင်ငွေနည်းပြည်သူများ သာမက စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများပါ ခံနေကြရပါတယ်။

ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်သည့် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ၌ Balance of Payments(BOP) ပြဿနာကြီးထွားလာနေသည်ဆိုသည်ကို သီးသန့်ခေါင်းစဉ်တပ်၍ သုံးသပ်ပြထားတာကြောင့် ဗဟိုဘဏ်၏ ဒေါ်လာရငွေများကို အတင်းအကျပ် ထိန်းချုပ်ခြင်းနှင့် ငွေလဲလှယ်နှုန်း သတ်မှတ်ခြင်းက ဒေါ်လာငွေနည်းပါးလာခြင်းကို ဖြစ်စေသလို ပို့ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း ထိခိုက်စေကာ တချိန်တည်းမှာပင် သွင်းကုန်များလည်း ပြတ်တောက်လာမည်ဟု ဆိုထားပါတယ်။

မြန်မာကျပ်ငွေဖောင်းပွမှုကို လျော့ကျသွားအောင် ပြည်တွင်းထုတ်ကုန် တိုးမြှင့်ခြင်းနဲ့ ပြည်ပဈေးကွက်ရှာဖွေခြင်းစတဲ့ နည်းလမ်းတွေကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ နစကသတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း ပြည်တွင်းထုတ်ကုန်တွေကို ပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချရာမှာ ပိတ်ဆို့အရေးယူမှုတွေကြောင့် အခက်အခဲတွေရှိတယ်လို့လည်း ၎င်းကဝန်ခံပြောကြားခဲ့ပါတယ်။

သို့ဖြစ်ရာယခုလအတွင်း ဗဟိုဘဏ်ဒေါ်လာငွေဈေးနဲ့ ပတ်သက်လို့ပြုပြင်ပြောင်းလဲထားတဲ့ ထုတ်ပြန်ချက်များ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ အပေါ်သက်ရောက်စေမယ့် ဒေါ်လာအသုံးပြုမှုဆိုင်ရာ ညွှန်ကြားချက်အသစ်များကြောင့် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျလာခြင်း၊ ငွေကြေးဖောင်းပွမှု တိုးမြှင့်လာခြင်းတို့ကြောင့် ရှေ့ဆက်ရမယ့် မြန်မာ့စီးပွားရေးအတွက် မေးခွန်းပေါင်းများစွာ ရှိနေသေးပြီး စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းက လည်း ဒီအပေါ်မှာစောင့်ကြည့်၍ မြန်မာ့စီးပွားရေး မမျှော်မှန်းနိုင်တဲ့ ရလာဒ်ဆိုးတွေမဖြစ်ဖို့သာ ဆုတောင်းနေကြတယ်လို့ သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: