အတတ်ပညာ စစ်ဆေးခံမှသာ ပျား မွေးခွင့်လိုင်စင် ရမယ်
ပြည်တွင်း ပျားမွေးမြူရေးလုပ်ငန်းကို နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍဆိုပြီး မွေးမြူနေတာပါ။ ပုဂ္ဂလိကကဏ္ဍ မွေးမြူလုပ်ကိုင်လိုသူတွေအနေနဲ့ မွေးမြူခွင့်လိုင်စင် လျှောက်ထားရမှာဖြစ်သလို လိုင်စင်အတွက် ပျားမွေးမြူရေး အတတ်ပညာကိုပါ စစ်ဆေးခံရမှာပါ။ အဲလိုစစ်ဆေးခံပြီးမှသာ ပျားမွေးမြူခွင့် လိုင်စင်ကို ထုတ်ပေးသွားမယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
"ပျားမွေးမြူရေး လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့သူတွေဟာ ပျားလုပ်ငန်းဌာနက ဖွင့်လှစ်ပို့ချပေးနေတဲ့ သင်တန်းတစ်ခုခုကို တက်ရောက်ပြီးသူဖြစ်မယ်။ ပျားမွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားသူဖြစ်ရမယ်။ ဒါကြောင့် မွေးမြူရေး အတတ်ပညာကို စစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးတော့မယ်"လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်း လိုင်စင်လျှောက်ထားသူကို မြို့နယ်အလိုက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးတွေပါဝင်တဲ့ အဖွဲ့က ပျားမွေးမြူရေးအတတ်ပညာနဲ့ ပတ်သက်ပြီး စစ်ဆေးမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့က လက်ခံမှသာ လိုင်စင်ရမှာပါ။ ဒီအပြင် အနည်းဆုံးပျားအုံ၂၀ မွေးမြူနိုင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လိုင်စင်သက်တမ်း၁နှစ်ဖြစ်ပြီး လျှောက်ထားလိုသူတွေဟာ မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓာတ်ပုံ၂ပုံ၊ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ ပျားသင်တန်းတက်ရောက်ပြီးစီးမှု သက်သေခံလက်မှတ်၊ ကိုယ်ရေးအချက်အလက် အကျဉ်း၊ ပျားအုံစတင်မွေးမြူသည့် ရက်စွဲ၊ ပျားအုံအရေအတွက်၊ မွေးမြူမည့်မြို့နယ်၊ စတဲ့အချက်အလက်များစွာနဲ့ ရုံးအမှတ်(၃၆) စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပျားလုပ်ငန်းဌာနသို့ လျှောက်ထားနိုင်ပါတယ်။
အခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ ပုဂ္ဂလိကပျားမွေးမြူသူဦးရေ ၈၂၀နဲ့ပုဂ္ဂလိကပျားအုံ ၂၀၁၁၄၃အုံ အထိတိုးတက် မွေးမြူလျက်ရှိသလို ပျားအုံပေါင်း၂၀၁၁၄၃အုံမှ ပျားရည်၆၅၀၀မက်ထရစ်တန် ထုတ်လုပ်၍ တစ်နှစ်ပျမ်းမျှ ၂၅၀၀မက်ထရစ်တန် နိုင်ငံခြားသို့တင်ပို့လျက်ရှိပြီး အမေရိကန်ဒေါ်လာ (၃ဒသမ၇)သန်းရရှိနေတယ်လို့ သိရှိရပါတယ်။
ထို့အပြင် မြန်မာနိုင်ငံပျားမွေးမြူရေးကဏ္ဍမှ နှစ်စဉ်စိုက်ပျိုးဧက သိန်း၂၀ခန့်မှ ဝတ်မှုန်ကူးဝန်ဆောင်မှုပေးလျက်ရှိပြီး ယခုနှစ်တွင်လည်း နေကြာစိုက်ဧက၁၁ရာခိုင်နှုန်းကို ဝတ်မှုန်ကူးပေးလျက်ရှိတယ်လို့ သိရှိရပါတယ်။ ကုန်ခဲ့တဲ့၂၀၂၁-၂၀၂၂ (၂၀၂၁အောက်တိုဘာလမှ ၂၀၂၂မတ်လ ၆လတာဘဏ္ဍာနှစ်)မှာ မြန်မာ့ပျားရည် မက်ထရစ်တန်ချိန် ၁၀၇၀ဒသမ ၂၅တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁ဒသမ၆၀၄သန်း ရရှိနေတယ်လို့ တရားဝင် စာရင်းတွေအရ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်လျင် ပျားရည်တန်ချိန် ၇၀၀၀ခန့်ထွက်ရှိနေပြီး၊ ပျားတစ်အုံမှာ ပေါင်၇၀ခန့် ထွက်ရှိကာ နိုင်ငံခြားကို တင်ပို့မှုနှစ်စဉ် ပျမ်းမျှတန်၂၆၀၀ခန့်ကို တစ်တန်ဈေးနှုန်း ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၆၀၀ခန့်နဲ့ တင်ပို့ရောင်းချနေတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းမှ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။