> 首页 > MFN

ပုဂံ မှာ တရုတ်ခရီးသွားများအတွက် ဘာသာစကားပြော စသင်ကြားနေ

ခရီးသွားလုပ်ငန်းကဏ္ဍာမှာ မြန်မာထံတရုတ် ခရီးသွားများဝင်ရောက်မှုကလည်း များပြားလာပါတယ်။ ဒါကြောင့် တရုတ်ခရီးသွားတွေအတွက် အဆင်ပြေနိုင်စေဖို့ အခြေခံတရုတ်စကားပြော သင်တန်းတွေကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက သင်တန်းပေးလုပ်ဆောင်လာပါပြီ။ အဲ့ဒါကတော့ နိုင်ငံခြားခရီးသွား အများဆုံးစိတ်ဝင်တစား သွားရောက်လည်ပတ်လေ့ရှိတဲ့ မြန်မာ့တို့ရဲ့ ပုဂံဒေသမှာ စတင်ပြီး နေ့စဉ်သုံး အခြေခံ တရုတ်စကားပြောသင်တန်းတွေ ဖွင့်လှစ်လုပ်ဆောင် ပေးနေတာဖြစ်ပါတယ်။

အဆိုပါ ဘာသာစကားသင်တန်းတွေကိုလည်း အခုလ၂၁ရက်နေ့က စတင်ကာပို့ချနေတာဖြစ်ပြီး ပုဂံခရီးစဉ်ဒေသမှာရှိတဲ့ ကဏ္ဍပေါင်းစုံက ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်သမျှ ဝန်ထမ်းအားလုံးကို သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကနဦးအနေနဲ့တော့ လက်ရှိမှာ ဝန်ထမ်းဦးရေ ၃၀၀ကို သင်ကြားပေးနေတဲ့အပြင် အခမဲ့မို့ ဝန်ထမ်းမဟုတ်တဲ့ ပုဂံဒေသခံတွေကိုပါ တက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

"တရုတ်စကားပြော သင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ မန္တလေးမြို့က FITCတို့ ပူးပေါင်းပြီးတော့ ပုဂံခရီးစဉ်ဒေသအတွင်းမှာရှိတဲ့ ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းတွေရော၊ အမှတ်တရ ပစ္စည်းရောင်းချနေတဲ့ ဆိုင်ကဝန်ထမ်းတွေလည်း တက်ခွင့်ပြုထားတယ်"လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ပုဂံရုံးခွဲ)တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါသင်တန်းမှာ ယူနန်ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုမှ level1နှင့် ညီမျှတဲ့ မေးခွန်းတွေကို ဖြေဆိုရမှာဖြစ်ပြီး အောင်လက်မှတ်များပါ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဒီလိုဘာသာစကားပြောတွေ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ထားသလို ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာနိုင်ဖို့အတွက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

အဓိက ပြည်ပခရီးသွားများကို ဘုရားပုထိုးသမိုင်းကြောင်းများ ရှင်းပြရာမှာ အများစုက အင်္ဂလိပ်ဘာသာစကားနဲ့သာ ပြန်ဆိုရှင်းပြလေ့ရှိပြီး အခုတရုတ်ဘာသာစကားနဲ့ပါ ရှင်းပြနိုင်ဖို့အတွက်လည်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။ ပုဂံဒေသကို ပြည်တွင်းပြည်ပ ခရီးသွား နေ့စဉ်ထောင်နဲ့ချီ လာရောက်လည်ပတ်နေတယ်လို့လည်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: