> 首页 > MFN

ဆန် တန်ချိန် ၃ သန်းကျော် ပြည်တွင်း ပိုလျှံနေပြီး ဆန်တစ်ပြည်ဈေးနှုန်းနဲ့ အခြေခံ လုပ်ခလစာ ကျပ် ၄၈၀၀

ပြည်တွင်းဆန် ပိုလျှံပေမယ်လည်း ဈေးနှုန်းကြီးမြှင့်မှုဒဏ်ကို စပါးစိုက်တောင်သူကအစ ဆန်စက်လုပ်ငန်းရှင်တွေအလယ် ဝယ်ယူစားသုံးတဲ့ ပြည်သူတွေကအဆုံး ခံနေကြရတာပါ။ ကုန်ခဲ့တဲ့၂၀၂၁ခုနှစ်မှာ စိုက်ခဲ့တဲ့ နွေစပါး၊ မိုးစပါးတို့မှ စပါးတင်းသန်းပေါင်း ၁၃၀၁သန်းရှိခဲ့တာမို့ ညီမျှဆန်တန်ချိန် ၁၃ဒသမ၀၁သန်းရှိလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရှင်းလင်းထားပါတယ်။

အဲဒီဆန်တန် ၁၃ဒသမ၀၁သန်းထဲမှာမှ အလေအလွင့် နှုတ်ပယ်ပြီးတဲ့ တန်ချိန်ဟာ ၁၂ဒသမ၂၈၂သန်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ပြည်တွင်းမှာ လူဦးရေစားသုံးမှုဟာ ဆန်တန်ချိန် ၉ဒသမ၄၀၂သန်းခန့်သာရှိပြီး ပြည်ပတင်ပို့မှုဟာ ၂ဒသမ၈၈သန်းရှိခဲ့ရာ၊ အခု၂၀၂၂ခုနှစ် ဩဂုတ်လထိ ပြည်ပတင်ပို့မှုဟာ ဆန်တန်ချိန် ၁ဒသမ၃၃၈သန်း ရှိခဲ့တာကြောင့် ပြည်တွင်းမှာ လက်ကျန်ဆန်တန်ချိန် ၃ဒသမ၆၃၅သန်း ရှိနေသေးတဲ့အတွက် ပြည်တွင်းစားသုံးမှု ပိုလျှံနေတယ်လို့ အထက်ပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ နိုင်ငံပိုင်သတင်းစာကနေ ဆိုထားတာပါ။

ပုဂ္ဂလိက အခြေခံလုပ်သားတို့ရဲ့ အနိမ့်ဆုံးလုပ်ခမှာတော့ ပြည်တွင်းအနည်းဆုံး အခကြေးငွေဥပဒေအရ ၂နှစ်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ခဲ့ရာက ၂၀၁၅ခုနှစ်မှာ ၃၆၀၀ကျပ်၊ ၂၀၁၈ခုနှစ်မှာ ၄၈၀၀ကျပ် သတ်မှတ်ထားရှိခဲ့ပြီး ၂၀၂၀ခုနှစ် မေလထဲမှာ ပြန်လည်ပြင်ဆင်သတ်မှတ်ချိန် ပြည့်ခဲ့ပေမယ့်လည်း မပြင်ဆင်နိုင်သေးခဲ့အတွက် ယခုအချိန်ထိ ၄၈၀၀ကျပ်သာ ရရှိနေသေးတဲ့ အခြေအနေပါ။

ပြည်တွင်းဆန်တန်ချိန် ၃သန်းကျော် ပိုလျှံနေတယ်ဆိုပြီး အခြေခံမရှိမဖြစ်ဆိုသလို စားသုံးနေရတဲ့ ဆန်ဈေးနှုန်းကတော့ ကြောက်ခမန်းလိလိကို တက်နေပြီး အကျဘက်မှာ မရှိသေးဘူး။ လက်ရှိပြည်တွင်းအခြေခံ ဆန်ဈေးနှုန်းဟာဆိုရင်တော့ မနော်သုခရှယ်(ဇီယာ) တစ်ပြည်၂၂၀၀ကျပ် တစ်အိတ်(108lb) ၅၂၀၀၀ကျပ်၊ ရက်၉၀ရှယ် တစ်ပြည်၂၃၀၀ကျပ် တစ်အိတ်(108lb)၅၅၀၀၀ကျပ်၊ ဆင်းသွယ်ထူးရှယ် တစ်ပြည်-၂၄၀၀ကျပ် တစ်အိတ်(108lb) ၅၇၀၀၀ကျပ်၊ အညာသားရှယ်တစ်ပြည် ၂၅၀၀ကျပ်တစ်အိတ် (108lb)၆၀၀၀၀ကျပ်၊ ရှိနေတာပါ။

အရပ်ခေါ် ဆန်ချောဖြစ်တဲ့ ပခမ်းရှယ်တစ်ပြည် ၂၆၀၀ကျပ်တစ်အိတ် (108lb)၆၂၀၀၀ကျပ်၊ ဧရာပဒေသာတစ်ပြည် ၂၆၀၀ကျပ်တစ်အိတ် (108lb)၆၂၀၀၀ကျပ် ပေါ်ဆန်းမွှေးကြီးတစ်ပြည် ၂၅၀၀ကျပ်တစ်အိတ် (108lb)၆၀၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးတစ်ပြည် ၂၆၀၀ကျပ်တစ်အိတ် (108lb)၆၂၀၀၀ကျပ်၊ တောင်ပျံမွှေးတစ်ပြည် ၂၇၀၀ကျပ်တစ်အိတ် (108lb)၆၄၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးရှယ်တစ်ပြည် ၂၈၀၀ကျပ်၊ တစ်အိတ်(108lb) ၆၇၀၀၀ကျပ်၊ တောင်ပျံမွှေးရှယ် တစ်ပြည်၂၈၀၀ကျပ် တစ်အိတ်(108lb)၆၇၀၀၀ကျပ်၊ ပေါ်ဆန်းယဉ်တစ်ပြည် ၂၉၀၀ကျပ် တစ်အိတ်(108lb) ၆၉၀၀၀ကျပ် ရှိနေတယ်လို့ သိရပါတယ်။

အဲဒါအပြင် ကျားပျံရှယ်တစ်ပြည် ၃၀၀၀ကျပ် တစ်အိတ်(108lb) ၇၂၀၀၀ကျပ်၊ ကျားပျံထူးရှယ်တစ်ပြည် ၃၂၀၀ကျပ် တစ်အိတ်(108lb) ၇၆၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးထူးရှယ် တစ်ပြည်၃၃၀၀ကျပ် တစ်အိတ်(108lb) ၇၉၀၀၀ကျပ်၊ ပုသိမ်ရွှေဘိုထူးရှယ် တစ်ပြည်၃၄၀၀ကျပ် တစ်အိတ်(108lb) ၈၁၀၀၀ကျပ်၊ ရွှေဘိုရှယ်တစ်ပြည် ၃၅၀၀ကျပ် တစ်အိတ်(108lb) ၈၄၀၀၀ကျပ်၊ ရွှေဘိုထူးရှယ်တစ်ပြည် ၃၇၀၀ကျပ် တစ်အိတ် (108lb) ၈၉၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ထူးရှယ်တစ်ပြည်၃၈၀၀ကျပ် တစ်အိတ်(108lb) ၉၁၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ထူးထူးရှယ်တစ်ပြည် ၄၀၀၀ကျပ်တစ်အိတ် (108lb)၉၆၀၀၀ကျပ် အသီးသီးရှိနေပြီး နေရာဒေသအလိုက် ဈေးနှုန်းကွဲပြားမှုလည်း ရှိနိုင်ကြောင်း MFNမှ လက်လှမ်းမှီသလောက် စုံစမ်းတင်ပြ ထားပါတယ်။

အခြေခံလုပ်သားတို့ စားနေကြတဲ့ အနိမ်ဆုံးဆန်ဈေးနှုန်းဟာ ပျှမ်းမျှငွေကျပ် ၂၂၀၀နဲ့ အထက်မှာရှိနေပြီး လုပ်ခလစာ၄၈၀၀ကျပ်နဲ့ ရေဘုယျအားဖြင့် ထက်ဝက်မျှ ကုန်ကျနေပြီး ဆန်ချောအမြင့် ဈေးနှုန်းအထိ နီးကပ်လာသလို အဆင့်မြင့် ဈေးဝယ်စင်တာကြီးတွေဖြစ်တဲ့ Supermarketတွေ၊ City Martတွေမှာ လုပ်ခလစာ ၄၈၀၀ကျပ်ထက်ကို ဆန်ချောဈေးနှုန်းက ကျော်လွန်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခြေခံလက်ခစား အထည်ချုပ်လုပ်သမား တစ်ဦးကတော့“အခုအခြေခံစားသောက်ကုန် အကုန်ဈေးတက်တယ်။ ဆန်ကလုပ်ခရဲ့ ထက်ဝက်မှာရှိသလို၊ စားသုံးဆီဈေးနှုန်းကလည်း တစ်ပိဿာ ၁သောင်းနှုန်းမှာရှိတယ်။ ကျန်တဲ့ မဖြစ်မနေသုံးနေရတဲ့ ကြက်သွန်နီ၊ ဖြူ၊ ဆား၊ အချို့မှုန့် အစရှိသဖြင့်ကို ဝယ်လိုက်ရင် တစ်နေ့လုပ်ခ ၄၈၀၀ကျပ်ထက်ကို ကျော်နေပြီ။ ပိုလျှံစုဆောင်းဖို့ နေနေသာသာ လုပ်ခထဲက လုံလောက်အောင် စားဖို့မနည်းရုန်းနေရတယ်”လို့ MFN သီးသန့်မေးမြန်းတာကို ဆိုပါတယ်။ အဓိကစပါးစိုက်တောင်သူတွေအတွက် ကန်ဒေါ်လာနဲ့ ပေးဝယ်နေရတဲ့ ဓာတ်မြေဩဇာဈေးနှုန်း ကြီးမြင့်နေသလို၊ ဆန်စက်လုပ်ငန်းတွေမှာ လည်ပတ်ရတဲ့ စက်သုံးဆီ ဈေးနှုန်းတွေကြောင့် ဆန်ဈေးက မြင့်နေမှာဖြစ်တယ်လို့ ဆန်စက်လုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။

“စပါးကတော့ ထွက်မှာမှန်ပါတယ်။ ဆန်ဈေးကတော့ကြီးမှာပါ။ ကျွဲ၊နွားတွေနဲ့ ယခင်က ထွန်သလို မဟုတ်ဘူး။ စက်တွေနဲ့ထွန်တယ်။ စက်တွေနဲ့ရိတ်တယ်။ အဓိကစက်သုံးဆီဈေးနဲ့ပဲ ဆက်စပ်နေတာ။ စက်သုံးဆီ သယ်ယူစရိတ်တက်တယ်။ နောက်ပြီး ဓာတ်မြေဩဇာကလည်း ဈေးမြင့်တယ်။ ဒီတော့ဒေါ်လာနဲ့ ချိတ်ဆက်နေတဲ့ စက်သုံးဆီဈေး မြင့်တာတွေကြောင့် နောက်ဆက်တွဲ စားသောက်ကုန်ပစ္စည်းတွေက ဈေးထက်တက်ဖို့ပဲရှိတယ်။ ဒါတွေကအခြေခံ လူတန်းစားအပေါ်မှာ ပိုပြီးသက်ရောက်လာတယ်”လို့ ၎င်းကဆိုပါတယ်။ လက်ရှိဆန်ဈေး မြင့်မားနေတာကြောင့် ပြင်ပပေါက်ဈေးထက် ငွေကျပ်၅၀၀နှုန်းသက်သာပြီး အခြေခံလူတန်းစားများတဲ့ စက်မှုဇုန်တွေမှာ ဖျာပုံပေါ်ဆန်း ဆန်၅ပြည်တစ်အိတ်ကို ငွေကျပ်၁၂၈၀၀နှုန်း၊ ရက်၉၀ဧည့်မထ ၅ပြည်တစ်အိတ်ကို ငွေကျပ်၈၀၀၀နှုန်းနဲ့ ရောင်းချ ပေးနေတယ်လို့လည်း သိရပါတယ်။

လက်ရှိပြည်တွင်းမှာ ကျန်ရှိနေတဲ့ ဆန်တန်ချိန် ၃ဒသမ၆၃၅သန်းဟာ အခုနှစ်စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလစာရှိနေပြီး ပြည်တွင်းစားသုံး လိုအပ်ချက်မှာ ၃ဒသမ၁၃၄သန်းသာဖြစ်တယ်လို့ စီး/ကူးဝန်ကြီးဌာနက ဆိုထားပါတယ်။ ဒါအပြင် ယခုနှစ် မိုးစပါးစိုက်ဧက၁၅သန်း စတင်ပေါ်ထွက်လာမှာဖြစ်လို့ ဆန်ပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက်တင်ပို့ ရောင်းချမှာဖြစ်သလို ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရာမလိုကြောင်း ၎င်းဝန်ကြီးဌာက ပြောကြားထားတာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: