၃ လ ရပ်နားထားတဲ့ ကျိုက်ထီးရိုးကေဘယ်ကားများ ပြန်ပြေးဆွဲမှာဖြစ်ပြီး စီးနှုန်းခ ဈေးတက်
ကျိုက်ထီးရိုးရဲ့ ကေဘယ်ကားတွေကို လာမယ့်သီတင်းကျွတ် ဘုရားဖူးရာသီမှာ ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်က လာရောက်ကြမယ့် ဘုရားဖူးခရီးသွားများ အဆင်ပြေစေဖို့အတွက် ကေဘယ်ကားတွေကို ပြန်လည်ပြေးဆွဲသွားမှာဖြစ်ပြီး လက်ရှိစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကေဘယ်ကားပြေးဆွဲနေတဲ့ Sky Asia ကုမ္ပဏီက ဆိုထားပါတယ်။
"ကျိုက်ထီးရိုး ကေဘယ်ကားကို ဇွန်ကနေ စက်တင်ဘာလအထိ ပြေးဆွဲတာနားထားတယ်။ လာမယ့်သီတင်းကျွတ် ပွင့်လင်းရာသီမှာတော့ ပြန်ပြေးဆွဲပါ့မယ်။ အခုကစပြီး စက်တွေကြံ့ခိုင်မှု စစ်ဆေးတာစမ်းသပ် မောင်းနှင်တာတွေ လုပ်နေပါတယ်"လို့ ၄င်းကုမ္ပဏီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပွင့်လင်းရာသီအစ ကေဘယ်ကားပြန်လည် ဖွင့်လှစ်ချိန်ကို အင်္ဂါနေ့မှသောကြာနေ့အထိ နံနက်၇နာရီခွဲမှ ညနေ၅နာရီအထိသာ ပြေးဆွဲသွားမှာဖြစ်သလို စနေနဲ့တနင်္ဂနွေ နေ့တွေမှာတော့ မနက်၇နာရီက စတင်ပြေးဆွဲပေးသွားမှာပါ။ အပတ်စဉ် တနင်္လာနေ့ကိုတော့ ပြေးဆွဲမှုရပ်နားမှာဖြစ်ပြီး အစိုးရရုံးပိတ်ရက်နဲ့ တိုက်ဆိုင်ရင်တော့ ဘုရားဖူးလာရောက်တဲ့ အခြေအနေပေါ်မူတည်ပြီး ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
သို့ပေမယ့် ကေဘယ်ကားလက်မှတ်ခတွေကတော့ ယခင်နှစ်ဈေးနှုန်းထက် ကျပ်၁၀၀၀မြှင့်တက်မှာပါ။ စီးနင်းသူဟာ ပြည်တွင်းခရီးသည်ဆိုရင် အသွားတစ်ကြောင်းကို ကျပ်၆၀၀၀ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားခရီးသည်ဆိုရင်တော့ ကျပ်၈၀၀၀ပါ။ အသွားအပြန် စီးနင်းမယ်ဆိုရင်တော့ ပြည်တွင်းခရီးသည် ဆိုရင် ကျပ်၁၀၀၀၀ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားခရီးသည် ဆိုရင်တော့ တစ်ဦးကိုကျပ် ၁၄၀၀၀ကျသင့်မယ်လို့ သိရပါတယ်။