ဝန်ကြီးဌာနနဲ့ ဆေးဝါးအသင်းတို့ ခွင့်ပြုချက်ယူရန် မလိုတော့ဘဲ ဆေးဝါးများ တင်သွင်းနိုင်ပြီလို့ ထုတ်ပြန်လာ၊ ဆေဝါးဈေးများ ၃ ဆခန့် ဈေးတက်နေလို့ တင်သွင်းသူနှင့် ရောင်းချသူများပါ ခက်ခဲနေ
လူသုံးများတဲ့ ဆေးဝါးများ ဒေါ်လာငွေလဲနှုန်းမြင့်တဲ့ အခက်အခဲကြောင့် ဆေးဆိုင်အချို့ကလည်း အတက်စျေးနဲ့ ရောင်းကြတာမျိုးလည်း ရှိသလို ဆေးဝါးပြတ်လပ်တာတွေလည်း ရှိနေတယ်လို့ ဆေးဝါးဈေးကွက်အတွင်းက သိရှိရပါတယ်။ ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်မှုနဲ့ ဒေါ်လာငွေဝယ်ရခက်တဲ့နောက်မှာ ပြည်ပကတင်သွင်းရတဲ့ သွင်းကုန်ထဲက နိုင်ငံခြားဆေးမျိုးစုံ စျေးနှုန်းတွေဟာ ရင်စျေးထက် ၂ဆကနေ၃ဆခန့်အထိ စျေးမြင့်တက်လာတယ်လို့ တင်သွင်းသူတွေနဲ့ လက်လီရောင်းချသူတွေက ပြောပါတယ်။
ဆေးဝါးတင်သွင်းတဲ့ လုပ်ငန်းရှင်တစ်ဦးက“အခုကဒေါ်လာဈေးအမျိုးမျိုး ဖြစ်နေချိန် အကြီးအကျယ် ဒုက္ခရောက်နေတာ အခြေခံစားသောက်ကုန် တင်သွင်းသူရယ်၊ စက်သုံးဆီတင်သွင်းသူရယ်၊ ကျွန်တော်တို့လို ဆေးဝါးပစ္စည်းတွေ တင်သွင်းသူတွေရယ်ပဲ၊ ဒေါ်လာရှာပြီးလုပ်နေရတဲ့ လုပ်ငန်းတွေထဲမှာ ဆေးဝါးတင်သွင်းသူတွေက သုံးပုံတစ်ပုံလောက်ရှိတယ်။ ဆိုတော့ အခြေခံဆေးဝါးတွေ၊ အရေးကြီးဆေးဝါးတွေ တင်သွင်းရတာခက်လာရင် ကျွန်တော်တို့ ဒုက္ခရောက်တာလည်း ရောက်တာပေါ့။ အဓိကက အခြေခံပြည်သူတွေပဲ၊ မတတ်နိုင်တဲ့သူတွေ ဆေးဝါးအခက်အခဲကြုံရင် ဘယ်သူကူညီနိုင်တော့မလဲ၊ ဆေးဝါးကတော့ မပြတ်သေးပေမယ့် အခုဒေါ်လာဈေးနဲ့တော့ ဈေးကအတက်ဈေးမှာရှိနေမှာပဲ။ လုပ်ရကိုင်ရတာ ပိုပိုကျပ်လာတယ်”လို့ MFNကိုပြောပါတယ်။
နေ့စဉ်ကျန်းမာရေးနဲ့ လိုအပ်တဲ့အခါအတွက် သုံးစွဲရတဲ့ပါရာစီတမောလို၊ Antibiotics ပိုးသတ်ဆေးလိုနဲ့ ဗီတာမင်အားဆေးတွေကအစ စျေးမြင့်တက်လာတယ်လို့ ကင်ဆာဆေး၊ ကျောက်ကပ်နဲ့ နှလုံးနှင့် အသည်းရောဂါလို နာတာရှည်ရောဂါကြီးတွေအတွက် ဆရာဝန်ညွှန်ကြားမှ သောက်သုံးရတဲ့ဆေးတွေလည်း ပြတ်လပ်တာတွေ ရှိနေတယ်လို့ ဝယ်ယူသုံးစွဲသူတွေ ထံကသိရှိရပါတယ်။ အသည်းရောဂါအတွက် ဆေးစွဲသောက်နေရတဲ့ သုံးစွဲသူတစ်ဦးက“ပြီးခဲ့တဲ့လကပဲ တစ်လစာဆေးဝါးဝယ်ထားတယ်။ အခုလထပ်သောက်ဖို့ ဆေးလိုက်ဝယ်တော့ ရန်ကုန်မြို့ကဆိုင်တွေလည်း နှံ့နေပြီဘယ်မှာမှ ဝယ်လို့မရဘူး။ ပြထားတဲ့ပုဂ္ဂလိက ဆေးရုံမှာလည်း မရှိတော့ဘူးလို့ပြောတယ်။ ဆိုတော့ ဒီတစ်ခါဆရာဝန်နဲ့ ပြန်ပြရင် ဆေးချိန်းပေးခိုင်းရမလား၊ ဘာဆက်လုပ်ရမလဲ မေးရမယ်။ အခုတော့ အဲ့ဆေးကို ဖြတ်ထားရတယ်။”လို့ သူ့အတွေ့အကြုံကို MFNသို့ ပြောပါတယ်။
ဆေးအရောင်းဆိုင် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက“လူအသုံးများတဲ့ဆေးတွေ၊ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့ဆေးတွေ အဓိကဝယ်ရခက်နေတယ်။ ဆိုင်မှာရှိတဲ့ အချို့ဆေးတွေဆိုလည်း dateနီးနေ (သက်တမ်းကုန်ခါနီး)လို့ မရောင်းချင်ဘူး။ တချို့ကိုဆိုရင် ကုမ္ပဏီက လာသိမ်းသွားတာတွေလည်းရှိတယ်။ ဆိုတော့ အခုက ဖျားနာရင် သောက်တဲ့ဆေး၊ အအေးမိ၊ နှာစေးရင်သောက်တဲ့ဆေး သာမာန်ဆေးတွေကိုတော့ မပြတ်အောင်ထားပြီး လုပ်နေရတယ်။ ဒီနေ့ဆေးတစ်ကဒ် ၅၀၀ရောင်းပြီးရင် နောက်နေ့ကိုယ်ပြန်ဝယ်ဖို့ တောင်ခက်နေပြီ”လို့ MFNကို ပြောပါတယ်။
လက်ရှိတွင်ဆေးနှင့် ဆေးပစ္စည်းသွင်းသူတွေ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆေးဝါးအသင်းတို့ ခွင့်ပြုချက်ယူရန် မလိုတော့ဘဲ သွင်းကုန်လိုင်စင် တိုက်ရိုက်လျှောက်ထားနိုင်ပြီလို့ ကုန်သွယ်ရေးဦးစီးဌာနမှ ကြေညာထားပြီး ဩဂုတ်လ၃၁ရက်နေ့မှစ၍ ကုန်သွယ်ရေးဦးစီးဌာနရဲ့ Tradenet2.0စနစ် (အွန်လိုင်းမှလျှောက်ထားခြင်း)မှ တိုက်ရိုက်ဝင်ရောက် လျှောက်ထားနိုင်ပြီလို့ အသိပေးထားပါတယ်။
စက်တင်ဘာ၁ရက်နေ့ (ယနေ့)တွင် ပြင်ပဒေါ်လာစျေးကွက်တွင်လည်း အမေရိကန် တစ်ဒေါ်လာဟာ ကျပ်၄၀၀၀ကျော်မှာ စျေးပေါက်လျက်ရှိနေသေးပြီး ဒေါ်လာဝယ်ရောင်း အများစုအခြေအနေကို စောင့်ကြည့်နေကြရတယ်လို့လည်း ယင်းအသိုင်းအဝိုင်းက ဆိုပါတယ်။ ပြည်တွင်းမှာ ဆေးတင်သွင်းသူ လုပ်ငန်းရှင်ကြီး အများစုကတော့ တစ်နှစ်စာလောက် သိုလှောင်ထားတာရှိလို့ ဆေးပြတ်လပ်မှုဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ပြောနေကြပေမယ့် ဒေါ်လာငွေလဲနှုန်း မြင့်တက်မှုနောက် စက်သုံးဆီနဲ့ အထွေထွေကုန်ကျစရိတ်တွေ တိုးလာသလို ဆေးဝါးတင်သွင်းဖို့ ဒေါ်လာကိုယ်တိုင် ရှာဖွေဝယ်ယူနေရတာကြောင့် စျေးကွက်ကို ဆေးရောင်းချချိန်မှာတော့ စျေးကအတက်ဘက်မှာပဲ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားကြပါတယ်။