> 首页 > MFN

မန္တလေး မူတည် ရထားလမ်းပိုင်းအသစ် ၂ ခုဖောက်ဖို့ လုပ်နေ

လက်ရှိအများပြည်သူ ခရီးသွားရာမှာ အဆင်ပြေချောမွေ့စေဖို့ဆိုကာ ရထားလမ်းပိုင်းအသစ်၂ခုကို ဖောက်လုပ်ဖို့ မြန်မာ့မီးရထားအနေနဲ့ လုပ်ဆောင်နေပါတယ်။ မန္တလေးတိုင်းဒေသကြီးကို မူတည်ကာ အသစ်ဖောက်လုပ်မယ့် အဲဒီလမ်းပိုင်း၂ခုကတော့ မူဆယ်-မန္တလေးရထားလမ်းပိုင်းနဲ့ မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းတို့ ဖြစ်ပါတယ်။ "လက်တလော ရထားလမ်းသစ်ကို ဖောက်လုပ်နိုင်ဖို့တွက် စီမံကိန်းဖြစ်မြောက်နိုင်ချေ လေ့လာမှုလုပ်ငန်းတွေကို လုပ်ဆောင်နေသလို အကောင်အထည် ဖော်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေကို လုပ်ဆောင်နေပါတယ်"လို့ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်က ဆိုထားပါတယ်။

အဆိုပါရထားလမ်းပိုင်း အသစ်၂ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်သလို အခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းမှာလည်း ရှိပြီးသားလမ်းပိုင်းတွေဖြစ်တဲ့ မြင်းခြံ-သာစည်၊ သာစည်-ရွှေညောင်၊ ရွှေညောင်-တောင်ကြီး၊ တောင်ကြီးဆိုက်ခေါင်၊ ဇီးပင်ကြီး- ပြင်ဦးလွင်- ဂုတ်ထိပ်လမ်းပိုင်းနဲ့ မန္တလေးမြို့ပတ် ရထားလမ်းပိုင်းများကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ နောင်ကား- ပင်းပက်လမ်းပိုင်းကို တိုးချဲ့ဖောက်လုပ်လျက် ရှိနေတယ်လို့ မြန်မာ့မီးရထားထံမှ သိရပါတယ်။

မြန်မာ့မီးရထားအနေနဲ့ တစ်နိုင်ငံလုံးရှိပြီးသား ရထားလမ်းပိုင်းတွေဖြစ်တဲ့ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အမြန်ရထား၄စင်း၊ စာပို့ရထား၂စင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းမှာ အမြန်ရထား၂စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထား၂စင်း၊ စာပို့ရထား၂စင်း၊ ရန်ကုန်-ပဲခူး လမ်းပိုင်းမှာ RBEရထား၂စင်း၊ ပုသိမ်- ဟင်္သာတ- ကြံခင်းလမ်းပိုင်းမှာ စာပို့ရထား၂စင်း၊ ပျဉ်းမနား- တောင်တွင်းကြီး လမ်းပိုင်းမှာ လူစီးကုန်တင်ရထား၂စင်း၊ သာစည်- ရွှေညောင်လမ်းပိုင်းမှာ စာပို့ရထား၂စင်း၊ ပြင်ဦးလွင်- ဂုတ်ထိပ်လမ်းပိုင်းမှာ အမြန်ရထား၂စင်း၊ ပြည်တော်သာ- ရေချမ်းပြင်လမ်းပိုင်းမှာ RBEရထား၄စင်းနဲ့ အခုစက်တင်ဘာ ၁ရက်မှာစတင်ဖွင့်လိုက်တဲ့ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းမှာ လူစီးကုန်တင်ရထား ၂စင်းစုစုပေါင်း ၂၈စင်းနဲ့ ရန်ကုန်မြို့ပတ်ရထား၂၆စင်း၊ စုစုပေါင်းလူစီးရထား ၅၄စင်း ဝန်ဆောင်မှုပေးနေတာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: