> 首页 > MFN

မှတ်ပုံတင်မရှိသူတွေ ၊ ပျောက်နေသူတွေအတွက် အသိပေးလိုက်တဲ့ Wave Money

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း စည်းမျဥ်းစည်းကမ်းများအရ ငွေလွှဲ၊ငွေထုတ် လုပ်ငန်းများ ပိုမိုလုံခြုံစိတ်ချရစေရန် လုံခြုံရေးအဆင့်မြှင့်တင် ဆောင်ရွက်ပေးနေခြင်းကြောင့် Wave Moneyဆိုင်များတွင် ငွေလွှဲငွေထုတ် ပြုလုပ်လျှင် မှတ်ပုံတင်မဖြစ်မနေ ယူလာမှသာ ငွေလွှဲငွေထုတ် ပြုလုပ်နိုင်မယ်လို့ Wave Moneyမှ ထုတ်ပြန်လိုက်ပါတယ်။ ယခုထုတ်ပြန်ချက်၌ Waveဆိုင်များတွင် ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်ကို မဖြစ်မနေ ယူလာပြီး အချက်အလက် အပြည့်အစုံကို ဖြည့်စွက်မှသာ ငွေလွှဲငွေထုတ် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘဏ်စနစ်အသုံးပြုရန် ခက်ခဲသည့် ပြည်သူများအကြား ဒစ်ဂျစ်တယ်ငွေပေးချေရေး စနစ်ဟာ အလျင်အမြန် ထွန်းကားလာပြီးနောက် ငွေလွှဲ၊ငွေထုတ်နှင့် ငွေပေးချေရေး စနစ်များ အဆင့်မြင့်လာချိန်တွင် ဘဏ်များရဲ့ payများအပြင် Wave Money ကိုလည်း လက်လုပ်လက်စား ပြည်သူများက ပိုမိုသုံးစွဲလာနေတာပါ။ ထိုသို့အချိန်မှာ အခုလို ပြောင်းလဲမှုဟာ Wave Money အသုံးပြုများအကြား အဟန့်အတားတစ်ခု ဖြစ်သွားစေတယ်လို့လည်း သုံးစွဲသူများက ပြောဆိုလာနေပါတယ်။

တောင်ဒဂုံမြို့နယ်က Wave Money အသုံးပြုသူတစ်ဦးက“သားကလခထုတ်ရင် ပုံမှန်waveနဲ့ လွှဲနေကြလေ။ ဟိုတလောကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း waveကုမ္ပဏီ အရောင်းမြင့်တင်ရေး ဝန်ထမ်းတွေလား ရောက်လာပြီး အကောင့်မရှိရင် အကောင့်လုပ်ပေးမယ်ဆိုလို့ မသုံးတတ်ပေမယ့် ကိုယ့်ဖုန်းမှာ အကောင့် လုပ်ပေးသွားသေးတယ်။ ပြီးတော့ ဦးဆိုရင် တလောကမှ မှတ်ပုံတင်ပျောက်ထားတော့ ပြန်လျှောက်ထား တုန်းဆိုတော့ မှတ်ပုံတင်မရှိတဲ့သူ ပျောက်သွားတဲ့သူဆိုရင် မလွှဲရတော့ဘူးလား မထုတ်ရတော့ဘူးလား။ ငွေသွားထုတ်ရင် ထုတ်ပေးသူရဲ့ ရာခိုင်နှုန်းနဲ့ ဖြတ်တာက ခံရသေးတယ်။ ပေါ်လစီတွေ ပြောင်းရင်လည်း ကြည့်ပြောင်းကြပါ။ အောက်ခြေ တစ်နေ့လုပ် တစ်နေ့စားတွေရဲ့ အဖြစ်ကိုလည်း ကြည့်ပေးကြပါဦးလို့ ပြောချင်တယ်”လို့ MFNရဲ့ သီးသန့်ဆက်သွယ် မေးမြန်းမှုကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း မိုဘိုင်းငွေကြေး ဝန်ဆောင်မှုဖြင့် ငွေလွှဲ၊ငွေထုတ်သူကို မှတ်တမ်းတင်နိုင်ဖို့ အတွက် ဗဟိုဘဏ်ကနေ ညွှန်ကြားချက်တစ်ခုကို ထုတ်ပြန်ထားပြီး၊ အချက်၁၀ချက်ပါတဲ့ ယင်းထုတ်ပြန်ချက်တွင် Mobile Application ကနေ မိုဘိုင်းငွေကြေး စာရင်းဖွင့်လှစ်ထားသူ အချင်းချင်းငွေလွှဲရာတွင် ငွေလွှဲပို့သူမှ ငွေလက်ခံမည့်သူ၏ ဖုန်းနံပါတ်ကို Appတွင် ထည့်သွင်းသည်နှင့် တပြိုက်နက် တဖက်စာရင်းပိုင်ရှင် (လက်ခံသူ) အမည်ကို ဖော်ပြထားနိုင်ရေးအတွက် မိမိတို့၏ App Systemတွင် လိုအပ်သည်များကို ပြင်ဆင် အဆင့်မြှင့်တင်ဖို့ အပြင်ဆိုင်များမှ တဆင့် ငွေလွှဲ၊ငွေထုတ်သူများကို မှတ်တမ်းတင်ရန် လျှို့ဝှက်CCTV တပ်ဆင်ဖို့ သို့မဟုတ် လျှို့ဝှက်ဓာတ်ပုံ ရိုက်ထားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် မိုဘိုင်းငွေကြေး စာရင်းအသစ်ဖွင့်ရင် အမည်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ နိုင်ငံသား စိစစ်ရေးကတ် (အရှေ့/အနောက်)ပုံ၊ ဖုန်းနံပါတ်နှင့် Face IDများကို ရယူထားရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: