KBZ Pay ကို ပြည်တွင်းသီးသန့်ပဲ အသုံးပြုနိုင်တော့မယ်ဆိုတာ မဟုတ်ဟု တုန့်ပြန်
စက်တင်ဘာ ၁၄ရက်နေ့ကစလို့ နိုင်ငံခြားကနေMPT SIM cardကိုroaming ဖွင့်ပြီးK payရဲ့ OTP Code တောင်းလိုက်တာနဲ့ တပြိုင်နက် ပြည်ပနိုင်ငံတွေမှာ အသုံးပြုခွင့်မရှိကြောင်း အီးမေးလ်စာရရှိပြီးနောက် စက်တင်ဘာ ၁၅ရက်(မနေ့က) သုံးစွဲသူများအကြား K payကို ပြည်တွင်းမှာပဲ သုံးလို့ရတော့မှာလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ရေးသားချက်တွေ လူမှုကွန်ရက်မှာ ပျံ့နှံခဲ့ပါတယ်။
Kay Pay အသုံးပြုသူတစ်ဦးက "မနေ့ကဘဏ်ဂရုတစ်ခုထဲမှာ အဲ့ကိစ္စကို တွေ့လို့ကိုယ်တိုင်လည်း kpayသုံးနေတော့ ဘဏ်ချက်ဘောက်စ်မှာ သွားမေးကြည့်သေးတယ်။ မနေ့ကတော့ ချက်ချင်းတော့ ပြန်မဖြေခဲ့ဘူး။ ဒီမနက်မှ သူတို့ ထုတ်ပြန်ချက်ကို အသိတစ်ယောက်က ပို့ပေးလို့ သုံးလို့ရတယ်လို့ ပြောတယ်"လို့ သူ့အတွေ့အကြုံကို MFNသို့ ပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့မှုနဲ့ ပတ်သက်လို့တော့ KBZ Pay Serviceကတော့ ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်တယ်လို့ စက်တင်ဘာ၁၅ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပြီး ပြည်ပမှာ အသုံးပြုမည်ဆိုပါက Kpayအကောင့် ဖွင့်ထားတဲ့ ဆင်းမ်ကဒ်လေးကို ယူဆောင်သွားကာ Data Roamingလည်း ဖွင့်ထားရင် OTPကုဒ်လည်း ကျလာကာ ရောက်ရှိနိုင်ငံမှာ အသုံးပြုနိုင်မယ်လို့ KBZ Bankဘက်က တုန့်ပြန်ရှင်းလင်း ထားပါတယ်။ သို့ပေမယ့် Roaming SMS ရယူဖို့အတွက် သုံးစွဲတဲ့ ဖုန်းနံပါတ်နဲ့ ရောက်ရှိနေတဲ့ နိုင်ငံပေါ်မူတည်ပြီး ကန့်သတ်ချက်နဲ့ သတ်မှတ်ချက်တွေ ရှိနိုင်တယ်လို့လည်း သိရပါတယ်။