ကားများကို ကာလပေါက်ဈေးအတိုင်း အာမခံမထားလျှင် ပျမ်းမျှပေါက်ဈေးနဲ့ပဲ အာမခံရမယ်လို့ ညွှန်ကြား
လက်ရှိမြန်မာနိုင်ငံတွင် မော်တော်ယာဉ်ဈေးနှုန်းများ မြင့်တက်နေသဖြင့် မော်တော်ယာဉ်အလုံးစုံ အာမခံ ထားရှိရာ၌ လက်ရှိကာလပေါက်ဈေးထက် လျော့နည်းနေပြီး အာမခံသက်တမ်းဆက် ယာဉ်များအတွက် ထားရှိသည့် တန်ဖိုးမှာ လျော်ကြေးကာလပေါ်ပေါက်ချိန်တွင် လက်ရှိကာလပေါက်ဈေးထက် လျော့နည်းနေတယ်လို့ မြန်မာ့အာမခံလုပ်ငန်းက ဆိုပါတယ်။
ထို့ကြောင့် ကားများကို ကာလပေါက်ဈေးအတိုင်း အာမခံမထားလျှင် ပျမ်းမျှပေါက်ဈေးကိုပဲ ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းက အသိပေးထားပြီး၊ ကားများအလုံးစုံ အာမခံထားရာတွင် ဈေးကွက်ကာလ ပေါက်ဈေးအတိုင်း ပြောင်းလဲထားရှိပေးဖို့ မြန်မာ့အာမခံလုပ်ငန်းက ညွှန်ကြားလိုက်ပါတယ်။
ကားများအလုံးစုံ အာမခံထားရာတွင် ဈေးကွက်ကာလပေါက်ဈေးအတိုင်း ပြောင်းလဲ၍ အာမခံထားခြင်းမရှိပါက လျော်ကြေးပေါ်ပေါက်ချိန်တွင် လက်ရှိကာလပေါက်ဈေးထက် လျော့နည်းနေမှာဖြစ်ပြီး၊ အာမခံထားသူများ အနေနှင့် မိမိတို့အာမခံထားမည့် ကားများ ဈေးနှုန်းမြင့်တက်လာလျှင် အာမခံတန်ဖိုးကို တိုးပြီးပြန်လည် အဆိုပြုကြရမှာ ဖြစ်ကာ ကာလပေါက်ဈေးအတိုင်း မထားလျှင် ပျမ်းမျှပေါက်ဈေး (Average Clause) ကိုပဲ ကျင့်သုံးမှာဖြစ်တယ်လို့ လည်း ကြေညာချက်အရ သိရှိရပါတယ်။
လက်ရှိတွင် အာမခံထားမှုတွင် ကားတန်ဖိုးများဟာ ပေါက်ဈေးထက် လျော့နည်းနေတာကြောင့် လျော်ကြေးစိစစ်တွက်ချက်ရာတွင် အငြင်းပွားမှုများ ကြုံတွေ့ရကြောင်းလည်း မြန်မာ့အာမခံလုပ်ငန်းက ဆိုထားပြီး အလုံးစုံ မော်တော်ယာဉ် အာမခံပေါ်လစီ စည်းကမ်းချက်တွင် ပါရှိသည့် အာမခံထားငွေဟာ ကာလပေါက်ဈေးထက် ၁၀ရာခိုင်နှုန်း မနည်းလွန်းမများလွန်း ထားရှိရမယ်လို့ မြန်မာ့အာမခံလုပ်ငန်းက ထုတ်ပြန်ထားပါတယ်။