နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ကျားဖောင်ငါးဖမ်းလုပ်ငန်းများ ဟိုင်းကြီးကျွန်းမှာ တိုးချဲ့ လုပ်ကိုင်တာတွေရှိလာ
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ဟိုင်းကြီးကျွန်းဟာ ယခင်ငါးဖမ်းရာသီတွေမှာ ပင်လယ်ကျားဖောင်အစီးရေ ၁၉စီးသာရှိခဲ့ပြီး လုပ်ကိုင်သူ နည်းပါးခဲ့ပါတယ်။ အခုတော့ ဟိုင်းကြီးကျွန်းဘက်မှာ ကျားဖောင်လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာကြတယ်လို့ ဟိုင်းကြီးကျွန်း ပင်လယ်ကျားဖောင်လုပ်ငန်း ဦးစီးတစ်ဦးက ပြောပါတယ်။
"အရင်နှစ် ငါးဖမ်းရာသီမှာ ပင်လယ်ကျားဖောင် အစီးရေ၁၉စီးလောက်ပဲ လုပ်ကိုင်တာတွေ့ရတယ်။ အခုနှစ်ရာသီမှာတော့ အစီးရေ နှစ်ဆတက်သွားတယ်"လို့ ပင်လယ်ကျားဖောင် ဦးစီးမှူးတစ်ဦးက ပြောပါတယ်။ ဒါကြောင့် အရင်နှစ်ရာသီထက် အခုနှစ်ရာသီမှာ ကျားဖောင်အစီးရေ ၁၅စီးလောက် တိုးလာတယ်လို့ သိရပါတယ်။
ကျားဖောင်လုပ်ငန်းကို နှစ်စဉ်ပျမ်းမျှ နိုဝင်ဘာလဆန်းပိုင်းမှာ စတင်လုပ်လေ့ရှိပြီး ရာသီဥတုအပေါ် မူတည်ကာ အချိန်စော လုပ်ကိုင်လေ့လည်း ရှိပါတယ်။ အမြတ်အစွန်းများပြားပြီး ပုံမှန်ငွေပေါ်တဲ့ လုပ်ငန်းပါ။ ဒီလုပ်ငန်းဟာ ငါး၊ပုစွန်တွေကို အဓိကဖမ်းယူတာမို့ ဒေသတွင်း ငါး၊ပုစွန်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနေပါတယ်။
ကျားဖောင်တစ်စီးကို လူ၂၅ဦးအထိ လုပ်ကိုင်ရပြီး လုပ်သားငှားရမ်းခအနေနဲ့ လုပ်သားတစ်ဦးကို ငွေကျပ်၁၄၀၀၀၀မှ ၁၆၀၀၀၀အထိသာ ပေးချေရတယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းဟာ ပင်လယ်ပြင်ထွက်ခွာပြီး ကမ်းမကပ်မချင်း လချီလုပ်ကိုင်ရတဲ့ လုပ်ငန်းပါ။ ဒါကြောင့် ယခင်ကာလတွေက လူကုန်ကူးခံရတာ၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရတာ၊ အဓမ္မခိုင်းစေခံနေရတာ စတဲ့လက္ခဏာရပ်တွေနဲ့ ပြည့်နက်နေပြီး ပြည်တွင်းအဆိုးရွာဆုံး လူကုန်ကူးခံရတာတွေ ရှိတဲ့ လုပ်ငန်းအဖြစ် နာမည်ကျော်ကြား လှပါတယ်။
အဲလို ကျော်ကြားခဲ့တာကလည်း ကုန်ခဲ့တဲ့၂၀၁၉ခုနှစ် နိုဝင်ဘာလက ဖျာပုံမြို့နယ် ငါးဖမ်းကျားဖောင် တစ်စီးမှာ အလုပ်လုပ်ဖို့ ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို တစ်လခွဲအကြာမှာ မိသားစုက ကိုယ့်အားကိုယ်ကိုး ရှာဖွေပြန်လည် ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက်၂၃နှစ်အရွယ် ဒဂုံတက္ကသိုလ်မှ သမိုင်းအဓိကဖြင့် နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုထားတဲ့ ကိုမြတ်သူရထွန်းကို ရန်ကုန်မြို့မှ ပျောက်ဆုံးသွားပြီး ၄၈ရက်အကြာတွင် မိသားစုက ရှာဖွေတွေ့ရှိကာ ကျပ်ခြောက်သိန်းကျော်ဖြင့် ရွေးကာ ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်ပါ။