ရွှေတုံးရွှေခဲများ ရောင်းချရာတွင် ကျပ်သိန်း (၂၀၀) အထက်အရောင်းအဝယ်များကို ဝယ်သူရဲ့ အထူးအကောင့်ကို အသုံးပြုပြီး ငွေချေရမယ်
ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ် ဆောင်ရွက်တဲ့အခါတွင် ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန် ဆွေးနွေးခဲ့ပြီးနောက် ယင်းလုပ်ငန်းစဉ် အကောင်အထည် ပေါ်လာခဲ့ပြီဖြစ်ကာ ရွှေတုံးရွှေခဲများ ရောင်းချရာတွင် ကျပ်သိန်း(၂၀၀)အထက် အရောင်းအဝယ်များကို ဝယ်သူရဲ့ အထူးအကောင့် (Special account)ကို အသုံးပြုပြီး ငွေချေရမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
ဗဟိုဘဏ်၏ အမိန့်အမှတ် ၄၃/၂၀၂၁ခုနှစ်အရ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာတွင် ငွေကျပ်သိန်း(၂၀၀)အထက် ဆောင်ရွက်မှုများအား ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေကြရန် ဆိုသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ထားပြီးဖြစ်ရာ အဆိုပါလုပ်ငန်းစဉ်များနည်းတူ ယခုအခါတွင် ရွှေတုံး၊ ရွှေခဲများ ရောင်းချခြင်းအတွက် ယင်းလုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ကြရန် ထုတ်ပြန်လာပါတယ်။
ဒါကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေတုံး၊ ရွှေခဲ ရောင်းချခြင်း ပြုလုပ်ရာတွင် ကျပ်သိန်း(၂၀၀)အထက် အရောင်းအဝယ် ပြုလုပ်မှုများကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်တွင်း ရွှေဈေးကွက်အတွင်း တရားမဝင် ရောင်းဝယ်မှုများ မရှိစေရေး ရွှေအတုံး၊ အခဲ ရောင်းဝယ်မှုများအား ဘဏ်စနစ်ဖြင့် ဆောင်ရွက်ကြရန် စီစဉ်ညွှန်ကြားလာခြင်း ဖြစ်ပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က "ရွှေတုံးရွှေခဲများ အရောင်းအဝယ် ပြုလုပ်ရာမှာ ကျပ်သိန်း(၂၀၀) အထက်ပိုတဲ့ ဝယ်ယူရောင်းချခြင်းတွေ လုပ်ရင်ရွှေတုံးရွှေခဲ ရောင်းချသူများနဲ့ ဝယ်ယူသူများရဲ့ ဘဏ်မှာရှိတဲ့ Specialအကောင့်များကို အသုံးပြုပြီး ငွေပေးချေသွားရန် ဖြစ်ပါတယ်"ဟု နိုင်ငံပိုင် မီဒီယာနှင့် အင်တာဗျူးအတွင်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူများဟာ ရွှေနှင့်ငွေကြေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး ရွှေတုံး၊ ရွှေခဲ အရောင်းအဝယ် ဆောင်ရွက်တဲ့အခါတွင် ဘဏ်စနစ်ဖြင့်သာ ပေးချေနိုင်ရန်အတွက် ဘဏ်များမှ ပံ့ပိုးပေးမယ့် အစီအမံများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုဘဏ်အကြား ရွှေနှင့်ငွေကြေးဈေးကွက် တည်ငြိမ်ဖို့ အစီအစဉ်များကို ဆွေးနွေးထားခဲ့ကြပါတယ်။
လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရွှေတုံးရွှေခဲ ရောင်းဝယ်မှုတွင် အများစုမှာ သက်ဆိုင်ရာ ရွှေအသင်းများမှတဆင့် ရောင်းဝယ်မှုစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ပြီး လက်ရှိနိုင်ငံခြား ငွေပေါက်ဈေးအပေါ် တွက်ချက်ကာ ဈေးနှုန်းသတ်မှတ် ရောင်းဝယ်နေကြကြောင်း သိရှိရပါတယ်။ YGEAရဲ့ စက်တင်ဘာလ (၁၉)ရက်နေ့ရဲ့ နေ့လယ်ပိုင်းဈေးအရ အကယ်ဒမီမီးလင်းရွှေဈေးဟာ (၁၉၆၀၀၀၀) (ကျပ်တစ်ဆယ့်ကိုးသိန်း ခြောက်သောင်း)ဈေးရှိ နေပြီး၊ ပြင်ပမှတော့ အခေါက်ရွှေတစ်ကျပ်သားကို ၂၉သိန်း၅သောင်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေကာပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း ကျပ်၂သိန်းကျော်ဈေး ပြန်ကျဆင်းခဲ့လို့ ရွှေဆိုင်အချို့ထံက သိရှိရပါတယ်။