မြန်မာနိုင်ငံရှိ သစ်သားတံတားများတွင်အရှည်ဆုံး တောတွင်း ဖြတ်လျှောက်တံတား (Jungle Walk)
မြန်မာနိုင်ငံရှိ သစ်သားတံတားများတွင် အရှည်ဆုံးဖြစ်တဲ့ တောတွင်းဖြတ်လျှောက် တံတား(Jungle Walk)ကို လေ့လာလည်ပတ်နိုင်ပြီလို့ မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော်သစ်ထုတ်လုပ်ရေး ဒေသမှ ရှိရပါတယ်။ အဆိုပါ တံတားဟာ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှာရှိတာဖြစ်ပြီး ယင်းဆင်စခန်းသို့ လာရောက်လည်ပတ်သူများ အနေဖြင့် ကျွန်းသစ်လုံးတိုင်ပေါင်း (၉၂၅)တိုင်ဖြင့် တည်ဆောက်ထားတဲ့ ယင်းတံတားကို လေ့လာလည်ပတ်နိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါ စခန်းဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၂၁၇/၀)ဘေး အနောက်ဖက်၂ဖာလုံ အကွာမှာတည်ရှိကာ ငလိုက်ကြိုးဝိုင်းအကွက် အမှတ်(၇၈)၊ အကျယ်အဝန်းအားဖြင့် (၅၇၃)ဧကကျယ်ဝန်းပြီး ဆင်စားကျက်ဧရိယာ (၂၈၈)ဧကရှိတယ်လို့ သိရှိရပါတယ်။ လာရောက်လည်ပတ်သူတွေ အနေနဲ့ တံတားတစ်လျှောက် သက်ကြီးကျွန်းစိုက်ခင်း၊ အပူပိုင်းထင်ရှူးစိုက်ခင်း၊ ပိတောက်စိုက်ခင်းများနှင့်အတူ အထက်ရွက်ပြတ် ရောနှောတောခြောက်အတွင်း ဒေသမျိုးရင်း သစ်ပင်မျိုးများ၊ ဝါးမျိုးစိတ်များစွာ သဘာဝအလျောက် ရှင်သန်ပေါက်ရောက် နေမှုများကိုလည်း မြင်တွေ့ခံစားနိုင်မယ်လို့ သိရှိရပါတယ်။
ထို့အပြင် တံတားအဆုံးတွင် ငလိုက်ဆည်ကန်ရေပြင်နှင့် သဘာဝဝါးရိပ်ရှုခင်းများကို အပန်းဖြေခံစား ကြည့်ရှုခြင်းဖြင့် ဆင်သမားဟင်းလျာများကို ဝယ်ယူစားသောက်နိုင်တဲ့ စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိတယ်လို့လည်း သိရှိရပါတယ်။ ငလိုက်စခန်းသာ ဆင်စခန်း၏ တာဝန်ရှိသူက“ဆင်စာကျွေးခြင်း၊ တောတွင်းခရီးတို၊ ခရီးရှည်ဆင်စီးခြင်းတွေ လုပ်ဆောင်ကာ အပန်းဖြေလို့ရပါတယ်။ ဆင်ပြတိုက်မှာလည်း ဆင်အကြောင်း ဗဟုသုတတွေ စခန်းတွင်းက စိုက်ပျိုးထားတဲ့ သစ်စိုက်ခင်းတွေကို လေ့လာနိုင်ပါတယ်။ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းနေပြည်တော် facebook pageမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်”လို့ပြောပါတယ်။
အဆိုပါစခန်းကို (၂၀၁၇)ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး ဧက(၅၇၃)ခန့် ကျယ်ဝန်းကာ လက်ရှိမှာ ဆင်အကောင်ရေ(၂၀)ကို ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားကြောင်း၊ မျိုးသုဉ်းမှုအန္တရာယ် ရင်ဆိုင်နေရတဲ့ မြန်မာ့ဆင်ရတနာများကို ထိန်းသိမ်းစောင့်ရှောက်ရေး ကောင်းမွန်ဆန်းသစ်သော ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် ဆင်ထိန်းများ၏ လူမှုစီးပွားဘဝတိုးမြှင့်ရေး၊ ရေရှည်တည်တံ့စေမယ့် အစိမ်းရောင် စီးပွားရေးတစ်ခု ဖြစ်ထွန်းစေရေး ရည်ရွယ်၍အပန်းဖြေစခန်းတစ်ခုကို ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာ့သစ်လုပ်ငန်းမှ သိရှိရပါတယ်။