> 首页 > MFN

ဝါကျွတ်ကာလ ကမ္ဘာ့ရွှေဈေး အတက် မြန်မာ့ရွှေစျေးကွက်လည်း ဝယ်အားကြောင့်တက်နေ

အောက်တိုဘာ၃ရက်နေ့ကစလို့ ကမ္ဘာ့ရွှေဈေးကအတက်ဘက်သို့ ရောက်ရှိလာပြီး အဲ့ဒီနေ့က တစ်အောင်စကို ဒေါ်လာ(၁၆၆၄) ဖြစ်ခဲ့ပါတယ်။ မနေ့ကတော့ (အောက်တိုဘာ၄ရက်) ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၇၀၄)အထိ ရောက်ရှိလာခဲ့ကာ ပြီးခဲ့တဲ့၄ရက်အတွင်း (၄၄)ဒေါ်လာခန့် မြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းနဲ့အတူ ပြည်တွင်း(အခေါက်) ရွှေဈေးကလည်း မနေကနေ့လည်ပိုင်းမှာ ဈေးကွက်မှာ တစ်ကျပ်သားကို ကျပ်၂၆သိန်းအထက်နဲ့ အရောင်း၊အဝယ် ဖြစ်နေပြီး ပြင်ပဒေါ်လာဈေး အတက်ဈေးပိုင်း ပြန်ရောက်လာတာလည်း ရွှေဈေးအပေါ် သက်ရောက်စေကာ ရွှေဝယ်ယူသူတွေကလည်း အတက်ဈေးဟာ ထပ်တက်လာနိုင်တယ်ဆိုတဲ့ အတွေးကြောင့် အဝယ်များလေ ဈေးတက်လာလေ အခြေအနေမျိုး ဖြစ်နေတယ်လို့ ရွှေကွက်အတွင်းက သိရှိရပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးက“ကမ္ဘာ့ရွှေဈေးတက်တယ်၊ပြင်ပဒေါ်လာပေါက်ဈေးလည်းပြန်တက်လာတယ်အဲ့ဒါကြောင့်ပါ။ဒီမှာကလည်းဈေးတက်ရင်လိုက်ဝယ်ကြတယ်၊ကျပ်၂၅သိန်းခွဲဖြစ်သွားကတည်းကလိုက်ဝယ်နေကြတာထပ်တက်မယ်ဆိုပြီးတော့ပေါ့”လို့MFNကိုပြောပါတယ်။ပြည်တွင်းရွှေဈေးကိုကြည့်ရင်အောက်တိုဘာ၁ရက်နေ့ကတစ်ကျပ်သားပေါက်ဈေးကျပ်၂၃သိန်းခန့်သာဖြစ်ပေါ်ခဲ့ပေမယ့်မနေ့ကကျပ်၂၆သိန်းကျော်ကိုရောက်ရှိလာခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က နေ့စဉ်ထုတ်ပြန်နေတဲ့ အခေါက်ရွှေဈေးနှုန်းက ကျပ်သိန်း၂၀နီးပါးသာ သတ်မှတ်ထားလို့ ပြင်ပပေါက်ဈေးထက် တစ်ကျပ်သားကျပ် ၆သိန်းကျော်ခန့်ဈေးနှုန်း ကွာဟမှုရှိနေသလို ယနေ့မနက်ပိုင်း YGEAရဲ့ အဖွင့်ဈေးကလည်း (၂၀၁၄၀၀၀) (ကျပ်သိန်းနှစ်ဆယ် တစ်သောင်းလေးထောင်) ဈေးဖွင့်ထားပါတယ်။

သို့ပေမယ့် YGEAရဲ့ အဆိုအရ သီတင်းကျွတ်ပွဲတော်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာလူမျိုးများ၏ ဓလေ့ထုံးစံအရ အလှူအတန်းများ၊ ဘာသာရေးပွဲများအတွက် ပြင်ဆင်သည့်ကာလဖြစ်လို့ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရွှေဆိုင်များတွင် ရွှေထည်ရောင်းချမှု များပြားလျက်ရှိနေပြီး ပြည်တွင်းရွှေဈေးကွက်တွင် ရွှေစုဆောင်းလိုမှု လျော့ကျလာကာ ဝယ်လိုအားထက် ရောင်းလိုအား ပိုမိုရှိနေတယ်လို့လည်း ပြောဆိုထားပါတယ်။

ရွှေဆိုင်ပိုင်ရှင် တစ်ဦးကလည်း“အဓိကက အဝယ်လိုက်လာလို့ ရွှေဈေးတက်တာတော့ မဟုတ်ဘူး တက်လို့အဝယ်လိုက်လာတာ ဒီနေ့ဈေးလည်းအမြင့် ဈေးမှာပဲရှိမယ်နဲ့တူတယ်။ အကယ်လို့ ပြင်ပဒေါ်လာပေါက်ဈေးကို မထိန်းနိုင်ဘူးဆိုရင် ဒေါ်လာဝယ်လိုအားကလည်း အခုသီတင်းကျွတ်ချိန် ရောက်တော့မယ် နိုင်ငံခြားခရီးသွားမယ့် သူတွေဘာတွေက လိုက်ဝယ်ကြတာတွေ ရှိတယ်ဆိုတဲ့အခါကြတော့ ဒီရက်ပိုင်း ဒေါ်လာဈေး မြင့်လာတယ်၊ ဒေါ်လာမြင့်လာရင် ရွှေဈေးက အလိုလိုမြင့်လာမှာပဲ”လို့ MFNရဲ့ သီးသန့်ဆက်သွယ်မေးမြန်းမှုနဲ့ ပတ်သက်လို့ သူ့အမြင်ကို မှတ်ချက်ပေးပြောပါတယ်။

နစကဘက်က ရွှေဈေးနှုန်းကျဆင်းစေဖို့ ရွှေစင်ရွှေတုံးနဲ့ ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးလျက်ရှိပြီး ရွှေနှင့်ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီက တရားဝင်ရွှေဈေးကွက် ဖြစ်ပေါ်လာစေရေး၊ ဈေးနှုန်းများ တည်ငြိမ်ရေး၊ ပြည်တွင်းရွှေဈေးကွက်ကို နိုင်ငံတကာ စံနှုန်းအတိုင်း ရောင်းချနိုင်ရေးတို့အတွက် ရွှေလုပ်ငန်းရှင်တွေနဲ့ ခေါ်ယူတွေ့ဆုံမှုတွေ ပြုလုပ်ထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: