သီတင်းကျွတ်ကာလ “မီးရှူးမီးပန်းပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်း” ကန့်သတ်လိုက်ပြီ
မြန်မာတို့ရဲ့၁၂လ ရာသီပွဲတော်များအနက် နှစ်သစ်ကူးတဲ့မဟာသင်္ကြန်ပွဲတော်ပြီးပါက လူအများဖြင့် ပျော်ပွဲရွှင်ပွဲများကျင်းပတဲ့ ပွဲတော်ဟုဆိုလျှင် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပွဲတော်များ ဖြစ်ပါတယ်။ အခုသီတင်းကျွတ်ကာလ ရောက်ပြီဖြစ်လို့ မီးထွန်းပွဲတော်တွေလည်း ရှိလာမှာဖြစ်လို့ အများပြည်သူတွေအနေနဲ့ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ရှိတာကြောင့် ဒါတွေကို မပြုလုပ်ဖို့ ကန့်သတ်ထုတ်ပြန်လာပါတယ်။
လက်တလော ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ကန့်သတ်တားမြစ်ထားသလို ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ကန့်သတ်တားမြစ်ထားတယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ အသိပေးလာတာပါ။ ဒါ့အပြင် မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ၊ ရှူးဒိုင်းများကို ထုတ်လုပ်တာ၊ သယ်ဆောင်ဖြန့်ဖြူးတာ၊ သိုလှောင်တာစတာတွေကို တားမြစ်ထားပြီး ယင်းတားမြစ်ချက်တွေကို မလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့လည်း ကြေညာထားပါတယ်။
ဒီလိုကြေညာပြီးနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး ဆင်ခြေဖုံးမြို့နယ်တွေမှာ လိုက်လံနှိုးဆော်အသိပေး ကြေညာတာတွေလည်း ရှိနေပါတယ်။ လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက“ဒီသီတင်းကျွတ်မှာ မီးရှူးမီးပန်းများ၊ဗြောက်အိုးတွေ မဖောက်ဖို့ပေါ့ လုံခြုံရေးအရပေါ့။ မလိုက်နာရင် အရေးယူမယ်ဆိုတာမျိုး ကားနဲ့လာအော်သွားတယ်”လို့ ဆိုပါတယ်။
ယခု၂၀၂၂ခုနှစ်ကာလ ကိုဗစ်၁၉ကူးစက်မှုနည်းပါးလာလို့ ခရီးသွားလာခြင်းတွေ ပွဲတော်သဘင် အခမ်းအနားတွေကို ပြန်လည်လုပ်ဆောင်လာကြပေမဲ့ ပြီးခဲ့တဲ့ဩဂုတ်လကုန်ပိုင်းကစ ကိုဗစ်-၁၉ရောဂါကူးစက်မှုတွေဟာ နေ့စဉ်ရာနဲ့ချီ ပြန်လည်ရှိနေသေးတာမို့ ဈေးဝယ်စင်တာများနှင့် စားသောက်ဆိုင်တွေမှာ လူအများပြန်လည်စည်ကားလာနေတဲ့ အတွက် ရောက်ရှိတော့မယ့် သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပွဲတော်ကာလများအတွင်းမှာ သတိထားပြီး နေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေး နှိုးဆော်ထားပါတယ်။