ထိုင်းရောက်မြန်မာများကိုအထောက်အထားထုတ်ပေးဖို့အစိုးရကမ်းလှမ်း
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ဖြစ်လာတဲ့ မြန်မာရွေ့ပြောင်းလုပ်သား သိန်းချီရှိလာပါပြီ။ ဒီလုပ်သားတွေကို အထောက်အထား ထုတ်ပေးဖို့ထိုင်းအစိုးရ အလုပ်အကိုင်ဌာနက မြန်မာအစိုးရဘက်ကို ကမ်းလှမ်းဖိတ်ခေါ် ဆွေးနွေးတာတွေ လုပ်ဆောင်လာတယ်လို့ မြန်မာနစက အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ကုန်ခဲ့တဲ့အောက်တိုဘာ ၆ရက်နေ့မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သွားရောက်ဆွေးနွေး ခဲ့တာပါ။
"ဒီဆွေးနွေးမှုကတော့ ထိုင်းမှာအထောက်အထားမဲ့ ဖြစ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို CIလို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်တွေ ထုတ်ပေးဖို့ ကိစ္စရပ်တွေ၊ မြန်မာကနေ တရားဝင်MoUနဲ့ သွားတဲ့ လုပ်သားတွေကို ဗီဇာကြေးလျော့ပေးဖို့ ဒါတွေလည်းပါတယ်"လို့ မြန်မာအလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုထားပါတယ်။
အဆိုပါဆွေးနွေးမှုအရ တရားမဝင်ဖြစ်နေတဲ့ လုပ်သားတွေအထောက်အထား ထုတ်ပေးရေးအပြင် မြန်မာနိုင်ငံကနေ လက်ရှိသွားနေတဲ့ လုပ်သားတွေအတွက် ထိုင်းဗီဇာကြေးကို ဘတ်၅၀၀အထက် ပေးချေနေရာကနေ ဘတ်၅၀၀သာ ပေးချေခွင့်ရ အမိန့်စာအမြန်ဆုံး ထုတ်ပေးဖို့၊ ထိုင်းလုပ်ငန်းရှင်တွေက MoUလုပ်သားမဟုတ်ဘဲ အခြားလုပ်သားတွေကို ခေါ်ယူသုံးစွဲနေတာတွေ ရပ်တန့်ပေးဖို့စတဲ့ ကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့တာလို့ သိရပါတယ်။
ထိုင်းမှာ မြန်မာလုပ်သား၄သန်းထက် မနည်းရှိနေတာပါ။ နှစ်နိုင်ငံအစိုးရစနစ် MoUနဲ့ သွားရောက်လုပ်ကိုင် နေသူတွေ၊ CI(ခေါ်)မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်လုပ်ကိုင်နေသူတွေ၊ ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်လုပ်ကိုင်နေသူတွေနဲ့ သာမာန်နိုင်ငံကူးလက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ် စတာတွေ ကိုင်ဆောင်လုပ်ကိုင်နေသူတွေအပြင် အထောက်အထားမဲ့ နေထိုင်လုပ်ကိုင်သူတွေ စသဖြင့် အမျိုးအစား စုံလင်လှပါတယ်။ အဲဒီထဲကမှ အထောက်အထားမဲ့ ဖြစ်နေတဲ့ လုပ်သားတွေကို အထောက်အထားထုတ်ပေးဖို့နဲ့ CIကိုင်ဆောင်နေတဲ့ လုပ်သားတွေကို သက်တမ်းတိုးပေးဖို့၊ သက်တမ်းတိုးစခန်းတွေကို ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်နိုင်ရေးတွေပါ ပြင်ဆင်နေတာလို့ သိရပါတယ်။