> 首页 > MFN

တစ်နိုင်ငံလုံး လမ်းညွှန်၊ ဆိုင်းဘုတ်၊ အမှတ်အသားများ တပြေးညီလုပ်မယ်

တစ်နိုင်ငံလုံးရှိ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါကိစ္စနှင့် ပတ်သက်လို့ ညှိနှိုင်းအစည်းအဝေး တစ်ခုကိုလည်း အောက်တိုဘာ၂၅ရက်နေ့ကနေ ပြည်တော်မှာ ပြုလုပ်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဒုဝန်ကြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်း ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။

မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို ၂၀၂၀ပြည့်နှစ် မေ၂၆တွင်လည်းကောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု နည်းဥပဒေများကို ၂၀၂၂ခုနှစ်ဇန်နဝါရီ ၁၉ရက်တွင်လည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ဆောင်ရွက်ထားပြီး သက်ဆိုင်သည့် ဌာနများသို့ ဖြန့်ဝေဆောင်ရွက် နေတယ်လို့လည်း သိရှိရပါတယ်။

ထို့အပြင် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၂ခုနှစ် ဇန်နဝါရီ၂၁ရက်တွင် ပြဋ္ဌာန်းထုတ်ပြန်ထားပြီးဖြစ်ကာ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေး အဖွဲ့များဖွဲ့စည်း တာဝန်ပေးအပ်ပြီး စနစ်တကျ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ပြောဆိုထားပါတယ်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသတ်မှတ်ချက်များ၊ အထူးသဖြင့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီများက လေးစားလိုက်နာကြဖို့ လိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးတွေက အထက်ပါဆွေးနွေးပွဲမှာ အသိပေး ပြောဆိုပါတယ်။

အချို့ဒေသများတွင် လမ်းညွှန်လမ်း အမှတ်အသားဆိုင်ရာ ကွဲလွဲအသုံးပြုမှုများ စိစစ်တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ထားသလို လူကူးမျဉ်းကျားနှင့် လမ်းပိုင်းများတွင် အသုံးပြုနေသော ဆေးရောင်များဟာ သတ်မှတ်ညွှန်ကြားချက်နှင့်အညီ တစ်ပြေးညီဖြစ်ရန် လိုအပ်တယ်လို့ ဝန်ကြီးဌာနမှ ဆိုပါတယ်။

လမ်းဘေး ပလက်ဖောင်းများဟာလည်း လူသွားရန်လုံလောက်သည့် သတ်မှတ်အကျယ်အဝန်းရှိရန် ဆောင်ရွက်သင့်ပြီး ယခုလမ်းညွှန် လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းဆွေးနွေး အဖြေရှာကာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်သွားရမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း အသိပေး ပြောဆိုထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: