ပျားဖယောင်းကိုပို့ကုန်အမယ်အသစ်ဖြင့် ပြည်ပပို့ဖို့ တိုက်တွန်း
ပြည်တွင်းထွက် ပျားဖယောင်းဈေးကွက်ဟာ ယခင်နှစ်တွေမှာ တွင်ကျယ်စွာမရှိသေးပါဘူး။ အဓိကပျားဖယောင်းကို ပြည်တွင်းမှာသာ လောင်စာအဖြစ် မီးထွန်းရာမှာ အသုံးပြုခဲ့တာပါ။ အခုနှစ်မှာတော့ ပျားမွေးမြူလုပ်ကိုင်သူတွေ၊ သဘာဝပျားရည်ရှာဖွေ လုပ်ကိုင်သူတွေအတွက် ပျားရည်ထုတ်လုပ်ရုံသာမက ပျားသလက်မှ ပျားဖယောင်းပါ ဈေးကွက်ရရှိတော့မှာ ဖြစ်ပါတယ်။ ပျားဖယောင်းဟာ ပြည်ပပို့ကုန် အမယ်အသစ်ဖြစ်လာချေ ရှိလာပြီလို့ မန္တလေးပွဲရုံ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။ အခုနှစ်မှာ ပျားသလက်မှ ရရှိတဲ့ ပျားဖယောင်းကို တရုတ်ကုန်သည်အများစုက မန္တလေးဈေးကွက်မှာ အဝယ်လိုက်လာတဲ့အတွက် တစ်ပိဿာကို ငွေကျပ်၇ထောင်ကနေ ကျပ်၁သောင်းထိ ဈေးရနေတယ်လို့ မန္တလေးပွဲရုံ ကုန်စည်ဒိုင်တစ်ဦးက ဆိုပါတယ်။
“အဓိက တရုတ်နိုင်ငံမှာ အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့အတွက် တရုတ်ကုန်သည်တွေက မန္တလေးအထိဆင်းပြီး အဝယ်လိုက်လာတာပါ။ အရင်နှစ်တွေကတော့ အနည်းအကျဉ်းသာရှိခဲ့တာပါ။ အခုနှစ်မှာ ရသလောက်ဝယ်ယူနေတာ”လို့ ၎င်းက ပြောပါတယ်။ ဒီလိုအဝယ်လိုက်လာတာမို့ ပြည်ပပို့ကုန်အမယ်အသစ်အနေနဲ့ သတ်သတ်မှတ်မှတ် တင်ပို့ဖို့ကိုလည်း ပျားလုပ်ငန်းလုပ်ကိုင်သူတွေကို တိုက်တွန်းထားရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်အတွင်းမှာတော့ ပျားမွေးမြူသူတို့ ထုတ်လုပ်ရောင်းချတဲ့ ပျားဖယောင်းထက် သဘာဝပျားအုံမှ ထုတ်လုပ်တဲ့ ပျားဖယောင်းက ငွေကျပ်၃၀၀၀ ဈေးပိုရနေတယ်လို့ သိရပါတယ်။