> 首页 > MFN

တရုတ်ကို ပို့မယ့် လယ်ယာထွက်ကုန်အမယ် ၁၆၀၀ ကျော်ကို ကုမ္ပဏီပေါင်း ၆၀၀ မှ GACC မှာ မှတ်ပုံတင်ထား

စိုက်ပျိုးရေး ဦးစီးဌာနသီးနှံ ကာကွယ်ရေးဌာနခွဲအနေနဲ့ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို တင်ပို့မယ့် လယ်ယာထွက်ကုန်တွေအနက် ဆန်၊ ဆန်ကွဲ၊ ပြောင်းနဲ့ ငှက်ပျောစတဲ့ သီးနှံတွေအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)မှာ မှတ်ပုံတင်ခြင်း ဆောင်ရွက်ပေးနေပါတယ်။

ယခုတွင် အဆိုပါ အစီအစဉ်အရ တရုတ်နိုင်ငံကို မြန်မာ့လယ်ယာ ထွက်ကုန်တွေ တရားဝင်တင်ပို့နိုင်ဖို့အတွက် ကုမ္ပဏီပေါင်း၆၀၀ကျော်က လယ်ယာထွက်ကုန် အမယ်၁၆၀၀ကျော်ကို GACCမှာ မှတ်ပုံတင်ထားပြီး ဖြစ်တယ်လို့ စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါတယ်။

စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက“ဆန်နဲ့ဆန်ကွဲဆိုရင် ကုမ္ပဏီ၆၂ခုဆောင်ရွက်ပြီးပြီ။ ပြောင်းက ကုမ္ပဏီအားလုံး(၁၂၂)ခု၊ ဌက်ပျောသီးက ကုမ္ပဏီ(၃၂)ခု၊ ဆက်လက်ပြီး နာနတ်သီးကို မှတ်ပုံတင်ဖို့ ဆောင်ရွက်နေတယ်။ အဲ့လိုပဲ သီးနှံတွေအများကြီးရှိတယ်၊ ထောပတ်သီး၊ ကျွဲကောသီးတို့ အသီးအနှံတွေ၊ ပဲပုပ်တို့ ဆက်လက်မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးနေတာ ရှိပါတယ်”လို့ ပြောပါတယ်။

GACCမှာ မှတ်ပုံတင်ထားခြင်းအားဖြင့် သက်ဆိုင်ရာ အစိုးရဌာနတွေကြား G to Gစနစ်နဲ့ တင်ပို့ဖို့ သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ လယ်ယာထွက်ကုန်တွေက ဈေးကွက်ပိုမိုခိုင်မာမှုရှိပြီး စိုက်ပျိုးသူများအနေနဲ့လည်း စိတ်ချလက်ချဖြင့် ဈေးကွက်လိုအပ်ချက်အတွက် ကြိုးစားစိုက်ပျိုးနိုင်မှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

GACCရဲ့ လုပ်ငန်းစဉ်ဟာ တရုတ်နိုင်ငံကို တင်သွင်းမယ့် ကုန်ပစ္စည်းတွေအတွက် မှတ်ပုံတင်ပေးရတဲ့ မှတ်ပုံတင် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ထိုသို့မှတ်ပုံမတင်ထားတဲ့ လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်မရှိတဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးက ကုန်ပစ္စည်းတွေလည်း ထိုသို့မှတ်ပုံတင်ပြီးမှသာ တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းခွင့်ပြုတာဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးမှ GACCသို့ မှတ်ပုံတင်ထားတဲ့ ကုန်ပစ္စည်းအမယ်ပေါင်းဟာ (၇၈၀၀၀)ခန့်ရှိပြီ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

GACCရဲ့ ကြေညာထားချက်အမှတ် (၂၄၈)နှင့် (၂၄၉)တို့အရ ၂၀၂၂ခုနှစ်ဇန်နဝါရီ ၁ရက်နေ့မှစတင်ကာ မြန်မာမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့မယ့်၊ တင်ပို့လျက်ရှိတဲ့ လုပ်ငန်းရှင်များအနေနဲ့ GACCတွင် မှတ်ပုံတင်ပြီးမှသာ တင်ပို့ခွင့်ရရှိမှာဖြစ်ပြီး အဆိုပါGACCသို့ မှတ်ပုံတင်ပေးပြီးဖြစ်တဲ့ လုပ်ငန်းများစာရင်းကို တရုတ်နိုင်ငံ၏ ပြတင်းပေါက်အစီအစဉ် ciferquery.singlewindow.cn ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားတယ်လို့လည်း သိရှိရပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: