ကိုယ်တိုင်ထုတ်ပြန်နေတဲ့ ရည်ညွှန်းဈေး ပြောင်းခဲ့ရပြီးနောက် ရွှေဈေးကို ဝိုင်းဝန်းထိန်းပေးကြပါလို့ YGEA မေတ္တာရပ်ခံလာရ
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များအား ရွှေစင်(၁၆ပဲရည်) တစ်ကျပ်သား ငွေကျပ်(၂,၅၃၀,၀၀၀)ဖြင့် ရောင်းချပေးရန် ၂၀၂၂ခုနှစ်အောက်တိုဘာ ၃၀ရက်က ထုတ်ပြန်ထားခဲ့ပေမယ့် ပြင်ပဈေးကွက်မှာတော့ ကျပ်၂၇သိန်းကျော်နှင့် ၂၈သိန်းဝန်းကျင်မှာ အရောင်းအဝယ် လုပ်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှစ၍ ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ရွှေအသင်းကိုယ်တိုင်ပင် နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်းဈေးကို ပြောင်းလဲခဲ့ရကာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ၉ရက်နေ့မှ စတင်ပြီး အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ်(၂၂,၁၁၃၀၀)ဈေးဖြင့် ဖွင့်လှစ်ခဲ့ရပါတယ်။ ထိုသို့ဈေးဖွင့်နေရချိန် ရွှေဈေး ဈေးတင်၊ ဈေးချလုပ်နေသူများရှိလို့ ရွှေဈေးကို ဝိုင်းထိန်းပေးကြပါလို့ YGEAကတောင်းဆို မေတ္တာရပ်ခံလာပါတယ်။
“ကောလဟာလ လွှင့်ထုတ်ခြင်း၊ စျေးကစားခြင်း မပြုရန်နှင့် ရွှေစျေးနှုန်း မတည်ငြိမ်မှုများ မဖြစ်ပေါ်စေရေး ဝိုင်း၀န်းဆောင်ရွက် ပေးကြဖို့ပါ”လို့ ရန်ကုန်တိုင်းရွှေအသင်းက ဆိုပါတယ်။ YGEAရဲ့ ထုတ်ပြန်လာမှုတွင် ယခုဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ရွှေဈေးနှုန်းမှာ ကျပ်(၂၇)သိန်းအောက်တွင်သာ ရှိပြီး ကောလဟာလ အမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက် ရောင်းဝယ်သူများမှ ဈေးကစား၍ ရွှေဈေးကို ဆွဲတင်ဆွဲချလျက်ရှိပြီး ယင်းသတင်းအဖြစ်အပျက် အမှန်များကိုလည်း ဌာနဆိုင်ရာမှ စုံစမ်းနေကာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ယင်း ကောလဟာလများ လွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန်၊ ရွှေဈေးနှုန်းအနေဖြင့် အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းသာလျှင် မြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုများ မဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ပေးပါလို့လည်း YGEAက မေတ္တာရပ်ခံထားပါတယ်။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့“တကယ်က YGEAမှာလည်း သူထုတ်ထားတဲ့ဟာတွေအတွက် ကြပ်ကြပ်မတ်မတ်လေးတော့ ပိုလုပ်ပေးသင့်တာပေါ့။ အရောင်းအဝယ်က အေးနေချိန်ကိုယ်တွေလည်း ရွှေကို တဆင့်ပြန်ဝယ်ရောင်းရတဲ့ အတွက် အခွန်ဆောင်ရတာတွေရှိတယ်၊ အလုပ်သမားခတွေရှိတယ်။ အဲ့လိုအချိန်မှာ ကိုယ်ကတော့ မရောင်းရဘဲ၊ အပြင်ပေါက်ဈေးတွေက အဲ့လိုဖြစ်နေတော့ ဘယ်လိုလုပ်ကြမလဲ။ လူတွေကလည်း ရွှေဈေးအတက်အကျကို ခန့်မှန်းတတ်နေပြီ။ ကျွန်မတို့ကလည်း သုံးစွဲသူအပေါ် အပြည့်အဝ တာဝန်ကျေသလို၊ ကျွန်မတို့အပေါ်ကိုလည်း သက်ဆိုင်ရာက တာဝန်ခံမှုအပြည့်နဲ့ ကူညီပေးစေချင်ပါတယ်”လို့ MFNရဲ့ သီးသန့်မေးမြန်းမှုအပေါ် ပြန်လည်ပြောဆိုပါတယ်။
ကုန်လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ၂၁ရက်နေ့တွင် ရွှေနှင့်ငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့် လေ့လာရေး ကော်မတီကို ဖွဲ့စည်းထားပါသေးတယ်။