အဓိကကျတဲ့ မြန်မာ-ထိုင်း နယ်စပ် တံတား တစ်ခု ၃ နှစ်နီးပါးကြာမှ ပြန်ဖွင့် လိုက်ပြီ
မြန်မာ-ထိုင်းနယ်စပ် ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးအတွက် အဓိကကျလှတဲ့ မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေး တံတားကို နှစ်နိုင်ငံ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။ ယင်းတံတားကိုတော့ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီ၂၁ရက်နေ့က ကိုဗစ်-၁၉လှိုင်းဂယက်ကြောင့် ထိုင်းနိုင်ငံဘက်မှ အသွားအလာ ကန့်သတ်ပိတ်ထားခဲ့တာဖြစ်ပြီး အခု၂၀၂၃ခုနှစ် ဇန်နဝါရီ၁၂ရက် နံနက်၇နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့အတွက် ၃နှစ်နီးပါးမျှ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို၃နှစ်နီးပါး ပိတ်ထားခဲ့မှုကြောင့် ကရင်ပြည်နယ် မြဝတီနဲ့ ထိုင်းနိုင်ငံမဲဆောက်ဘက် သွားလာကူးလူး ဆောင်ရွက်နေတဲ့ ကုန်သည်များရဲ့ ငွေပေးချေမှု အခက်အခဲတွေ၊ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းမှုတွေမှာ ကိုယ်တိုင်လာရောက် မကြည့်နိုင်တဲ့ အခြေအနေတွေ၊ ကျန်းမာရေးအရ ဆေးကုသမှု ခံယူသူတွေ၊ ပညာသင်ကြားလိုသူတွေ၊ ဈေးရောင်းဈေးဝယ် လုပ်ငန်းလုပ်ဆောင်သူတွေနဲ့ အလုပ်သမားတွေ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေပါ။
လက်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံအတွက် အရေးပါလှတဲ့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေး တံတားပြန်လည် ဖွင့်လိုက်တဲ့အတွက် ကုန်သွယ်မှုနဲ့ ခရီးသွားလာမှုတွေဟာ ပိုမိုမြန်ဆန်လာမယ့် အခြေအနေဖြစ်တယ်လို့ မြဝတီနယ်စပ် ကုန်သွယ်ရေးနှင့် ကုန်သည်များ အသင်းဥက္ကဋ္ဌ သင်းသင်းမြတ်က မီဒီယာများမေးမြန်းတာကို အခုလို ဖြေကြားခဲ့ပါတယ်။
"အဓိကနှစ်ဖက်စလုံးအတွက် ကောင်းတာပေါ့နော်။ ပိတ်ထားတုန်းက လူကူးလူးဖြတ်သန်းတာမရှိတဲ့အတွက် ကုန်သွယ်မှုမှာ Onlineကနေသာ လုပ်ဆောင်ခဲ့ရတယ်။ ကုန်သည်ချင်းလည်းမတွေ့ရ၊ အခုလို ဖွင့်လှစ်လိုက်တဲ့အတွက် ပွင့်လင်းရာသီမှာ ထိုင်းဘက်က လုပ်ငန်းရှင်တွေက ကုန်ပစ္စည်းကို ဆင်းပြီး လာကြည့်ပြီး ဝယ်လို့ရသွားပြီ။ ပညာရေးအရ မဲဆောက်မှာ ကျောင်းတက်ချင်တဲ့ ကျောင်းသားကျောင်းသူတွေ အတွက်လည်း အဆင်ပြေသွားတာပေါ့။ နောက်မြန်မာပြည်ဘက်က ကုန်သည်တွေကလည်း ထိုင်းဘက်ဆင်းပြီး ဈေးဝယ်တာတွေ လုပ်ဆောင်လို့ရသွားတယ်။ ကျန်းမာရေးအရ ဆေးကုသူတွေလည်း အဆင်ပြေသွားတာပေါ့။ ဒါဟာနှစ်ဖက်စလုံးအတွက် ကောင်းတယ်"လို့ သူမက ပြောကြားခဲ့ပါတယ်။
အထက်ပါ အမှတ်(၁) ချစ်ကြည်ရေး တံတားပိတ်ထားစဉ်က ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်များကို အမှတ်(၂)ချစ်ကြည်ရေး တံတားမှ ဆောင်ရွက်လျက်ရှိသော်လည်း ခရီးသွားပြည်သူများ သွားလာခွင့်မရခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်မှုကိုတော့ အမှတ်၂ ချစ်ကြည်ရေးတံတားမှ တစ်ဆင့်ပို့ဆောင်လျက်ရှိသော်လည်း နေရပ်ပြန်မည့်သူများ အဆင်မပြေဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မဲဆောက်-မြဝတီ၊ ချင်းမိုင်-တာချီလိတ်၊ ရနောင်း-ကော့သောင်း နယ်စပ်သုံးခုကို Travel Bubbleဖြင့် ပြန်လည်ဖွင့်လှစ် ပေးထားတယ်လို့လည်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်များထံမှ သိရပါတယ်။