> 首页 > MFN

လုံခြုံရေးကိစ္စအတွက် ရွှေဆိုင်လုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ထား

မြန်မာနိုင်ငံရှိ မြို့ကြီးတွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ ရှာဖွေစုဆောင်းထားမှုတွေကို မသမာသူတွေ လုယက်ခြင်း၊ ခိုးယူခြင်းတွေအပြင် ရွှေဆိုင်တွေ၊ ဘဏ်တွေ ဓါးပြတိုက်လုယက်ခံရမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပါတယ်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းကပဲ မြန်မာနိုင်ငံ မြို့ကြီးအချို့၌ ရွှေဆိုင်များကို လုယက်မှုဖြစ်စဉ်များရှိခဲ့ပြီး မန္တလေးမြို့ရှိ စိန်ရွှေရတနာဆိုင် တစ်ဆိုင်အား အမျိုးသား၁ဦးက သေနတ်ပြကာ ဓါးပြတိုက်လုယက်ခဲ့ရာ ဆိုင်ဝန်ထမ်းများက ပြန်လည်ခုခံပြီး ဖမ်းဆီးခဲ့ကြတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့သလို၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြကာ လုယက်မှုဖြစ်စဉ် ဖြစ်ပွားထားပါတယ်။ ထို့အတွက် ရန်ကုန်တိုင်းမှာလည်း ရွှေဆိုင်တွေရဲ့ လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက လုံခြုံရေးအစီအစဉ်တွေကို စတင်အကောင်အထည်ဖော်မှု တစ်ခုကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ကြေညာလာပါတယ်။

ယင်းမှာ ပန်းဘဲတန်းမြို့နယ်အတွင်းက ရွှေနှင့်လက်ဝတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ (ရွှေဆိုင်)လုပ်ငန်းရှင်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးလို၍ ခေါ်ယူထားတာဖြစ်ပြီး လုပ်ငန်းရှင်များ မပျက်မကွက် တက်ရောက်ကြဖို့လည်း YGEAမှတဆင့် ပြန်လည်ကြေညာထားတာဖြစ်ပြီး လာမယ့်ဇန်နဝါရီ ၁၇ရက်နေ့ နံနက်၁၁နာရီအချိန် ခေါ်ယူထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ တာဝန်ရှိသူတစ်ဦးက“ရွှေဆိုင်တွေအတွက် လုံခြုံရေးနှင့် မှုခင်းတွေနဲ့ ပတ်သက်လို့ လမ်းညွှန်မှုတွေ ပေးမှာဖြစ်ပါတယ်။ ဇန်နဝါရီလ၁၇ရက်နေ့ တစ်ရက်ထဲပါ။ ရွှေဆိုင်တွေ လုံခြုံရေးအတွက် သက်ဆိုင်ရာက သင်တန်းတွေ ပို့ချမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။ ထိုသို့ရွှေဆိုင်တွေ ဓါးပြတိုက်ခံရမှု များပြားလာပြီးတဲ့နောက်မှာ ပြည်တွင်းက နာမည်ကြီးရွှေဆိုင်နှင့် ရွှေလုပ်ငန်းတစ်ခုဖြစ်တဲ့ အောင်သမာဓိ စိန်ရွှေရတနာဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်းက လုံခြုံရေးဝန်ထမ်းတွေကို မြန်မာ့ရိုးရာ လက်ဝှေ့ပညာ သင်ပေးနေပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: