> 首页 > MFN

ယခင်နှစ်များထက် အအေးဓာတ်ပိုလာချိန် မြန်မာနိုင်ငံ လာနီညာ အခြေအနေသို့ ရောက်ရှိနေ၊ ညအပူချိန်များလျော့နည်းနိုင်

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ် သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါတယ်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် တည်ရှိနိုင်တာကို ခန့်မှန်းရတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပါတယ်။

လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပြီး လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးသွားမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ပါတယ်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယခင်နှစ်များနဲ့မတူဘဲ ညအပူချိန်တွေ သိသာစွာလျော့နည်းနေပြီး အပူချိန်ဟာလည်း ပျမ်းမျှအပူအချိန်ခန့်သာ ရှိနိုင်မည်ဖြစ်သလို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလပျမ်းမျှ အပူချိန်ခန့်သာရှိနိုင်မယ်လို့ မိုး/ဇလမှ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက“အေးတာတော့တော်တော် သိသာလာတယ်။ ညနေ၆နာရီနောက်ပိုင်းဆိုရင် လေအေးအေးတွေပေါ့။ ကျိုက်ထီးရိုးတို့ ရှမ်းပြည်ဘက်တို့သွားရင် ညနေ၄နာရီလောက်ဆိုရင် အေးတဲ့အတိုင်းပေါ့၊ အဲ့မှာတော့တအားအေးတာပေါ့။ ဒီမှာညနေပိုင်း အဲ့လိုလေအေးတွေ တိုက်တာကို ခံစားမိတာကို နှိုင်းယှဉ်ပြီး ပြောပြတာပေါ့။ မနက်ပိုင်းဆိုရင်လည်း ၈နာရီခွဲလောက်အထိ လေတွေကအေးနေတုန်း၊ လူတော်တော်များများလည်း နှာစေးတာ၊ နှာပိတ်တာတွေဖြစ်နေတယ်။ အေးလာတော့ ကျန်းမာရေးတော့ ပိုဂရုစိုက်ဖို့လိုပါတယ်”လို့ MFNကို ပြောပါတယ်။

မြူ အခြေအနေမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၅)ရက်မှ(၉)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၁)ရက်မှ (၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်တယ်လို့ မိုး/ဇလမှဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အခြေအနေ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အခြေအနေအနေနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်သလို ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနိုင်တယ်လို့ ဆိုထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: