> 首页 > MFN

ပုဂံရှိရှေးဟောင်းနန်းတော်ရာနေရာများမှာမှန်တံတားများတပ်ဆင်ဖို့ အဆိုပြုထား

ပုဂံယဉ်ကျေးမှုနယ်မြေရှိရှေးဟောင်းနန်းတော်ရာနေရာများကိုယူနက်စကိုညွှန်ကြားချက်နဲ့အညီသစ်သားတံတားတွေအစားနိုင်ငံတကာအဆင့်မီမှန်တံတားတွေတပ်ဆင်ဖို့ဆွေးနွေးအဆိုပြုထားကြောင်းသိရပါတယ်။အဲ့လိုမှန်တံတားတပ်ဆင်မှုကိုမန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ပုဂံယဉ်ကျေးမှုနယ်မြေရဲ့အနော်ရထာမင်းနဲ့ကျန်စစ်သားမင်းနန်းတော်ရာနေရာတွေမှာလုပ်ဆောင်ဖို့ပါ။

"နန်းတော်ရာထဲကသစ်သားနဲ့ခင်းထားတဲ့လျှောက်လမ်းတံတားတွေနေရာမှာမှန်တံတားတွေခင်းမယ်ဆိုရင်အောက်ခြေမှာရှိတဲ့မြင်ကွင်းတွေကိုလည်းမြင်ရမယ်။တချို့တူးဖော်ထားတဲ့နံရံတွေမြေကြီးတွေပေါ်မှာလည်းလုပ်ငန်းလိုအပ်ချက်အရမြေတွေပြိုကျပျက်စီးတာမရှိအောင်မြေသားနံရံတွေ၊ကွန်ကရစ်တွေနဲ့ကာရံထားတာရှိတယ်။အဲလိုကာရံထားတာမို့ပြခန်းပြကွက်တွေကွယ်နေတာတွေလည်းရှိတယ်။ဒါကြောင့်ပုဂံနန်းတော်ရာတွေကိုလည်းကျွန်တော်တို့ကအဆင့်မြှင့်တင်ခင်းကျင်းပြသမှာပါ။အဲဒီအတွက်သက်ဆိုင်ရာအဖွဲ့တွေနဲ့တွေ့ဆုံညှိနှိုင်းပြီးအဆိုပြုထားတယ်"လို့ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ပြုပြင်ထိန်းသိန်းရေးဌာနတာဝန်ရှိသူကပြောပါတယ်။

အဆိုပါ နန်းတော်ရာနေရာတွေဟာ မိုးရာသီကာလမှာလည်း မိုးရေယိုကြပြီး မြေသားနံရံထိခိုက်မှုတွေ ဖြစ်ပေါ်လေ့ရှိတာမို့ တချို့လိုအပ်တဲ့ နေရာတွေမှာ ယာယီအမိုးအကာတွေပင် ပြုလုပ်ထားရတာပါ။ ဒါကြောင့် အဆင့်မြှင့်တင် ခင်းကျင်းပြီးရင်တော့ နန်းတော်ရာတွေ တူးဖော်ရာမှာတွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကိုပါ ခင်းကျင်းပြသထားမယ်လို့လည်း သိရပါတယ်။

ပုဂံယဉ်ကျေးမှုဒေသဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်တာမို့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ရာမှာ ယူနက်စကိုရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ပြုလုပ်ဖို့၊ အမွေအနှစ်ပစ္စည်းများကို ပြသရာမှာလည်း မြင်ကွင်းကွယ်တာမျိုး မဖြစ်စေရဘဲ ထင်သာမြင်သာရှိတဲ့ အမိုးအကာ ဆောက်လုပ်တဲ့ စနစ်တွေကို အသုံးပြုမယ်လို့ ဆိုထားပါတယ်။ လက်ရှိမှာလည်း ပြုပြင်ထိန်းသိမ်းမှုအတွက် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တချို့သော မြေသားများ ပြန်လည်ကျစ်လျစ်စေရေး ဆောင်ရွက်နေတာတွေရှိသလို ဧရိယာတစ်ခုလုံးကို ထိန်းသိမ်းနိုင်ဖို့တော့ အခက်ခဲတွေ ရှိနေတဲ့ အခြေအနေလို့လည်း သိရှိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: