မန်းရွှေစက်တော် ဘုရားဖူးများ ညအိပ်တည်းခိုခွင့်ပြုမယ်၊ တည်းခိုဆောင် (၁၀၀၀) နှင့် ဈေးဆိုင်ပေါင်း (၅၀၀)ဆောက်လုပ်နေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဒေသကို တစ်နှစ်ပတ်လုံး ခရီးသွားလုပ်ငန်း တိုးတက်ရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားများလာရောက် လေ့လာနိုင်ဖို့အတွက် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ဌာနတာဝန်ရှိသူများနှင့် ခရီးသွားလုပ်ငန်းရှင်များ ပူးပေါင်းကာ အကောင်အထည် ဖော်နေပါတယ်။
ယခုဆိုလျှင် မန်းရွှေစက်တော် ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၃ခုနှစ်ဇန်နဝါရီ၂၅ရက်မှ စတင်၍ ဧပြီလ(မြန်မာနှစ်ဆန်းတစ်ရက်နေ့)အထိ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ ထိုသို့ကျင်းပရာ၌ လာရောက်သူများအား တည်းခိုဆောင်များတွင် ညအိပ်တည်းခိုခွင့် ပြုသွားမည်ဖြစ်ပြီး လက်ရှိတွင် မန်းချောင်းသောင်ပြင်တွင် တည်းခိုဆောင်များနှင့် စျေးဆိုင်ခန်းများအား ဆောက်လုပ်လျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီမှ သိရှိရပါတယ်။
ညအိပ်တည်းခိုနိုင်သည့် တည်းခိုဆောင်၁၀၀၀ခန့်နှင့် စျေးဆိုင်ခန်း၅၀၀ကျော် ဆောက်လုပ်လျက်ရှိပြီး လက်ရှိအချိန်၌ နမ္မဒါ(၁)၊(၂)အပါအဝင် သောင်ပြင်တစ်လျှောက်တွင် တည်းခိုဆောင်၄၀၀နှင့် စျေးဆိုင်ခန်း၂၀၀ကျော် ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ ဆောက်လုပ်ပြီးစီးသည့် စျေးဆိုင်ခန်းများကိုလည်း စတင်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါတယ်။
တည်းခိုဆောင်ဌားရမ်းခများအား တစ်ရက်လျှင်အထူးခန်း (VIP)တည်းခိုဆောင် (ရေချိုးခန်း၊ အိမ်သာပါ) ရေစပ်အနီးတစ်ခန်းလျှင် ၅၀၀၀၀ကျပ်၊ ၄၀၀၀၀ကျပ်၊ ၃၀၀၀၀ကျပ်၊ ရိုးရိုးတည်းခိုဆောင် ရေစပ်အနီးတစ်ခန်းလျှင် ၃၀၀၀၀ကျပ်၊ ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်)တစ်ခန်းလျှင် ၂၀၀၀၀ကျပ်စီ သတ်မှတ်ထားကာ တည်းခိုဆောင်ငှားရမ်းခများအား သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ဘုရားပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီမှ သိရှိရပါတယ်။
ထို့အပြင်ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် ယခင်အထူးတံတား (ဘေလီသစ်သားတံတား)နေရာ၌ ဘေလီသံပေါင်တံတားသစ် ဆောက်လုပ်ထားပြီးဖြစ်ကာ မင်းဘူး-ရွှေစက်တော်နှင့် တောင်ပေါ်-တောင်အောက်သို့ ခရီးသည်တင်ကားများ ပြေးဆွဲပေးသွားမယ်လို့လည်း သိရှိရပါတယ်။ ထို့အပြင် လှေစီးရင်း မန်းချောင်းပတ်ဝန်းကျင်က သဘာဝအလျောက် နေထိုင်ကျက်စားနေတဲ့ ရှားပါးငှက်များ၊ ဆင်စခန်း၊ ကြယ်လိပ်နဲ့ ရွှေသမင်များကို ကြည့်ရှုလေ့လာနိုင်မယ့် ရွှေစက်တော်ဒေသရှိ မန်းချောင်းအတွင်း အပျော်စီးခရီးစဉ်များကို ပထမဆုံးအကြိမ် ပြေးဆွဲသွားဖို့ စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။
အပျော်စီးလှေ ခရီးစဉ်ဟာ မန်းရွှေစက်တော်ဘုရားဒေသတွင် ယခုမှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်တာဖြစ်ပြီး စတင်ပြေးဆွဲရာတွင် လှေ၁၀စီးဖြင့် ပြေးဆွဲမှာဖြစ်ကာ မန်းချောင်းရေများတဲ့ မိုးရာသီကာလနှင့် ရေစီးသန်ချိန် ကာလတွေမှာ ခေတ္တပိတ်ထားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ထို့အပြင် အပျော်စီးလှေတစ်စီးတွင် လူငါးဦး လိုက်ပါနိုင်ပြီး လက်ရှိအချိန်တွင် အခကြေးငွေလည်း မသတ်မှတ်ရသေးဘူးလို့ သိရှိရပါတယ်။