> 首页 > MFN

အရက်ချက်စက်ရုံမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၉ ဦးအနက် ၁၇ ဦး ဆေးရုံဆင်း ကျန် ၂ ဦးမှာ မစိုးရိမ်ရ အခြေအနေဖြစ်

အဖျော်ယမကာ လုပ်ငန်းစုဖြစ်တဲ့ Grand Royal Group International Co.,Ltd.(GRGI)ပိုင် မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအုပ်စု အမှတ်(၄)လမ်းမကြီးဘေးရှိ အရက်ချက်စက်ရုံဟာ ဇန်နဝါရီလ(၁၃)ရက်နေ့၊ သောကြာနေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ၁၃ရက် ညနေ၃နာရီခွဲဝန်းကျင်မှ စတင်လောင်းကျွမ်းခဲ့တဲ့ စက်ရုံမီးလောင်မှုဟာ ဇန်နဝါရီ၁၄ရက် နံနက်၇နာရီမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲလို၁၅နာရီကျော်ကြာ မီးလောင်မှုဖြစ်စဉ်အတွင်း မီးငြှိမ်းသတ်ပေးခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးရှိမှော်ဘီပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခံယူခဲ့ရတဲ့ အခြေအနေလို့လည်း Grand Royal Group International Co.,Ltdက ထုတ်ပြန်ထားပါတယ်။ ယင်းဒဏ်ရာရရှိသူများကိုလည်း ဇန်နဝါရီ၁၄ရက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့က သွားရောက်ကာ အားပေးစကား ပြောကြားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူလျက် ရှိနေသူတွေအနက်မှ ၁၇ဦးမှာ ဇန်နဝါရီလ၁၆ရက်မှာ ဆေးရုံကဆင်းနိုင်ခဲ့ပြီး၊ ကျန်၂ဦးမှာ မစိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

မီးလောင်မှုဟာ အရက်သိုလှောင် သိမ်းဆည်းရာနေရာမှ စတင်လောင်ကျွမ်းခဲ့ပြီး၊ သိုလှောင်ထားတဲ့ ၉၆ရာခိုင်နှုန်းဟာ အရက်ကြမ်းများ၊ အရက်ဖျော်စပ်ရာတွင် အသုံးပြုသော Tankကြီးများ ထိခိုက်ဆုံးရှုံး၊ ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ အခြေအနေလို့လည်း သိရှိရပြီး ပင်မအရက်ချက်စက်ရုံ၊ ပုလင်းသွင်းစက်ရုံနှင့် နှစ်ချို့အရက်စည်များ အခြမ်းသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ဘူးလို့လည်း သိရှိရပါတယ်။ လက်တလော မီးလောင်မှုဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ကုမ္ပဏီအနေနဲ့ သက်ဆိုင်ရာ အာမခံကုမ္ပဏီများနှင့်လည်း သင့်တော်သော ဆုံးရှုံးမှုပမာဏအတွက် ဆွေးနွေးလျက် ရှိနေတယ်လို့လည်း သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: