MPT Exchange ရုံး မီးလောင်မှု ဖြစ်ပြီးနောက် MPT ဖုန်းခေါ်ဆိုမှုများ၊ အင်တာနက် ဒေတာ နှင့် Wifi လိုင်းများ မြို့နယ်အချို့တွင် ပြတ်တောက်နေ
ယနေ့နံက်ပိုင်းက မရမ်းကုန်းမြို့နယ်မှာ MPT Exchangeရုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် မြို့နယ်အချို့က MPT Data အသုံးပြုမှုများ၊ MPTဖုန်းခေါ်ဆိုမှုများ၊ MPT Wifiများ ပြတ်တောက်နေတယ်လို့ အဆိုပါ အခြေအနေကို ကြုံနေရတဲ့ ပြည်သူများထံက သိရှိရပါတယ်။
မနက်၁၀နာရီ ၂၃မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ MPT Exchange ရုံးတွင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက်၁၀နာရီ၃၇မိနစ်တွင် မီးထိန်းနိုင်ကာ ၁၀နာရီ၄၅မိနစ်တွင် မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
လမ်းမတော်မြို့နယ်နေ ပြည်သူတစ်ဦး မနက်ပိုင်းမီးလောင်တဲ့ အချိန်ကတော့ ဖုန်းလိုင်းတွေပါ ပြတ်သွားတာ အခုက ကိုယ့်ဒေတာပါ ဖွင့်မရတော့ဘူးလို့ သူ့အတွေ့အကြုံကို MFNသို့ ပြောပါတယ်။ မြောက်ဒဂုံမြို့နယ်က ပြည်သူတစ်ဦးကလည်း ကျွန်မMPT ဖုန်းလိုင်းကတော့အခုထိကို ပြန်မပွင့်သေးဘူး။ လိုင်းလုံးဝမတက်ဘူး။ အိမ်ကWifiလည်း ပြတ်နေသလို၊ Myanmar Net လိုင်းတွေလည်း သုံးမရဘူးဖြစ်နေတယ်လို့ MFNကို ပြောပါတယ်။
လက်ရှိMPTကွန်ရက်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ MPTမှဝန်ဆောင်မှုပေးလျက်ရှိသော MPT Call Center ဖိုင်ဘာအင်တာနက်များ၊ မိုဘိုင်းလ်အင်တာနက်များ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးများမှာ လတ်တလောတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာ၀န်ရှိသူများအနေဖြင့် မူလအတိုင်း ဆက်သွယ်မှု ပြန်လည်ရရှိနိုင်စေရေးအတွက် အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။ ဆက်သွယ်ရေးကွန်ရက် အခြေအနေများနှင့် ပတ်သက်ပြီး အပြောင်းအလဲရှိပါက အကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။"လို့ MPTက တရားဝင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ထားပါတယ်။