> 首页 > MFN

ယူနန် - မြန်မာ စီးပွားရေးလမ်းစပိုမို တိုးပွားဖို့ ကဏ္ဍအလိုက် လုပ်ငန်းရှင်များ ဆွေးနွေးဖလှယ်

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံယူနန် ပြည်နယ်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစည်းအဝေး (Yunnan–Myanmar Economic and Trade Cooperation Promotion Meeting)တစ်ခုကို နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်မှုလမ်းစအဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးကိုတော့ ရန်ကုန်မြို့ရှိ Wyndham Grand Hotelမှာ ဖေဖော်ဝါရီ၁၅ရက် နေ့လယ်၃နာရီအချိန်က ပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းအစည်းအဝေးမှာ ယူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာလီချန်းရန် (Mr.Li Chenyang)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး(ရန်ကုန်)မှ စီးပွားရေးသံမှူး မစ္စတာတန်ရှုဖု (Mr.Tan Shufu)နဲ့ သံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ယူနန်ပြည်နယ်မှ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသလို မြန်မာနိုင်ငံဘက်မှ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌဦးအေးဝင်းအပါအဝင် ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်အဖွဲ့ဝင်များနဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များတက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြားစီးပွားရေး ကဏ္ဍတွေဖြစ်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေ၊ ITနည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး သိုလှောင်ရုံ ပြင်ဆင်မှုတွေ၊ သယ်ယူပို့ဆောင်ရေး Logisticsကိစ္စရပ်တွေ၊ လယ်ယာစိုက်ပျိုးမှု ထွက်ကုန်ကိစ္စရပ်တွေ၊ မွေးမြူရေးဆိုင်ရာ တင်ပို့မှုကိစ္စရပ်တွေအပြင် ရာဘာတင်ပို့မှုများ၊ စက်မှုကဏ္ဍရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်-မြန်မာ ခရီးသွားကဏ္ဍ ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဖို့အတွက် လမ်းစတစ်ခုအဖြစ် နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေး တက်ရောက်လာတဲ့ ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr.Li Chenyangက "ယူနန်နဲ့ မြန်မာဟာပထဝီ အနေအထားအရ ကြီးမားတဲ့ Trading Partner ဖြစ်ပါတယ်။ မြန်မာပြည်ဟာ တရုတ်ပြည်အတွက် သွင်းကုန်အရင်းအမြစ် အကြီးမားဆုံးဖြစ်သလို Export Marketကလည်း အကြီးဆုံး ဖြစ်တည်နေပါတယ်။ ယူနန်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ တည်နေရာအားသာချက်နဲ့ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံရှိတာကြောင့် နှစ်ဖက်စလုံး အကျိုးစီးပွားအတွက် အဆင်ပြေပါတယ်။ ကျွန်တော်အနေနဲ့ အကြံပြုချက်ပေးလိုတာက ကုန်သွယ်မှု ပမာဏမြှင့်တင်ဖို့အတွက် နိုင်ငံတော်မှ ပံ့ပိုးမှုနဲ့ဈေးကွက် တောင်းဆိုတဲ့ ပြည်သူများ မျှော်မှန်းထားတဲ့ ဧရိယာများကို ရွေးချယ်ကြဖို့၊ စီးပွားရေးပြပွဲများကို ဆောင်ရွက်ကြဖို့၊ နှစ်ဖက်အစိုးရမှ ပူးပေါင်းဆောင်ရွက်တဲ့ Trade Fair၊ နယ်စပ်ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်ပြီး မြှင့်တင်ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ယူနန်ပြည်နယ်အနေနဲ့ အခု၂၀၂၃ခုနှစ်မှာ ကြီးကြီးမားမား မျှော်မှန်းချက်အဖြစ် Local GDP၆ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၉ရာခိုင်နှုန်း၊ စုစုပေါင်းပို့ကုန်၊ သွင်းကုန်တန်ဖိုးကိုတော့ ၂၀ရာခိုင်နှုန်းထိတိုးဖို့ ရည်ရွယ်ထားရှိတဲ့အတွက် ယူနန်ပြည်နယ် စီးပွားရေးကိုယ်စားလှယ် လုပ်ငန်းရှင်ကုန်သည်တွေကို မြန်မာပြည်ထံ ခေါ်ဆောင်လာပြီး မြန်မာနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုပိုင်းတွေကို မြှင့်တင်ကာ စီးပွားရေးဖလှယ် ပူးပေါင်းလုပ်ဆောင်သွားဖို့ ပလက်ဖောင်းတစ်ခု ထူထောင်သွားမှာ ဖြစ်တယ်လို့လည်း ၎င်းကဆိုခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဥက္ကဋ္ဌဦးအေးဝင်းကလည်း "မြန်မာနိုင်ငံအနေနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် လယ်ယာထွက် ကုန်တင်ပို့ရောင်းချရေးတွေမှာ ထွက်ကုန်ပစ္စည်းများ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များ လွယ်ကူမြန်ဆန်စေဖို့၊ လယ်ယာကဏ္ဍရဲ့ သွင်းအားစုမှာလည်း တရုတ်နိုင်ငံထံ အများအပြား တင်းသွင်းနေရတာဖြစ်လို့ မျိုးကောင်းမျိုးသန့်၊ နည်းပညာ၊ မြေဩဇာစတာတွေကို အဆင်ပြေစွာ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းစဉ်းစားဖို့နဲ့ ဒုတိယဝင်ငွေ အရရှိဆုံးဖြစ်တဲ့ ဆိတ်၊ နွားမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ရောဂါကင်းရှင်းတဲ့ အသားများကို စနစ်တကျ ထုတ်လုပ်နိုင်ရေး၊ တိရိစ္ဆာန်အရှင်များ တင်ပို့ရောင်းချနိုင်ရေးစတဲ့ လုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ အစိုးရအဖွဲ့တို့က ကူညီပံ့ပိုးပေးစေလိုပါတယ်။ ဒါ့အပြင် ရေငံငါးပုစွန် မွေးမြူရေးလုပ်ငန်းတွေမှာ တရုတ်ဈေးကွက် ခိုင်ခိုင်မာမာရရှိနိုင်ဖို့ကိုလည်း ပံ့ပိုးကူညီဆောင်ရွက် ပေးစေလိုပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိတရုတ်နဲ့ မြန်မာနိုင်ငံဟာ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့အတွက် နောက်နှစ်ပေါင်းများစွာအထိ ကုန်သွယ်ဖက် နိုင်ငံအဖြစ် ဆက်လက်တည်ရှိဖို့ ယင်းအစည်းအဝေးကနေ နှစ်ဖက်ကိုယ်စားလှယ်များရဲ့ အတွေ့အကြုံ အမြင်များဖလှယ်မှုနဲ့ အလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရရှိလာဖို့ကုန်သည်စက်မှု အသင်းချုပ်နဲ့ စီးပွားရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အသင်းသူ၊ အသင်းသားများနဲ့အတူ ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ယူနန်-မြန်မာ အဓိကလုပ်ကိုင် ဆောင်ရွက်ကြမယ့် လုပ်ငန်းနယ်ပယ်ကဏ္ဍတွေကတော့ ကုန်သွယ်မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်မှု၊ အခြေခံအဆောက်အဦများနဲ့ ဝန်ဆောင်မှု လုပ်ငန်းများလည်း ပါဝင်တယ်လို့ အထက်ပါ အစည်းအဝေးအရ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး (ရန်ကုန်)မှ စီးပွားရေးသံမှူး မစ္စတာတန်ရှုဖု(Mr.Tan Shufu)ကလည်း အထက်ပါအစည်းအဝေးမှာ "မြန်မာနဲ့တရုတ်စီးပွားရေး စင်္ကြံလမ်းကို စတင်တည်ဆောက်နေတာဖြစ်ပြီး အဓိကကုန်သွယ်ဖက်တွေ ဖြစ်ကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကိုဗစ်အလွန် ကုန်သွယ်ရေးကဏ္ဍ ပြန်လည်နိုးထလာတဲ့ အခြေအနေဖြစ်တဲ့အတွက် ယူနန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ အားထုတ်မှုကလည်း အဓိကကဏ္ဍကနေ ပါဝင်နေတာဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ်စီးပွားရေး ကုန်သွယ်မှုကဏ္ဍ၊ လျှပ်စစ်၊ လယ်ယာထွက်ကုန်၊ အခြေခံအဆောက်အဦစတဲ့ ကဏ္ဍပေါင်းစုံမှာ ထဲထဲဝင်ဝင်နဲ့ ဆွေးနွေးဖလှယ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ တရုတ်သံရုံးအနေနဲ့လည်း တစ်ဖက်တစ်လမ်းကနေ အတတ်နိုင်ဆုံး ကူညီပံ့ပိုးဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အထက်ပါ အစည်းအဝေးမှာ မြန်မာပြည်အခြေစိုက် ယူနန်စီးပွားရေး ကုမ္ပဏီတွေဖြစ်တဲ့ Yuntianhua Group၊Yunnan State Farms Group(YSFG)၊Mong Ding Teng Xin Industrial Co.,Ltd၊Yunnan Baoshan Hengyi Industrial Group၊Ruili Ruiyang Trading Co.,Ltdနဲ့China Merchants Port Terminal(Qingdo)Co.,Ltd6ခု တို့က ၎င်းတို့ရဲ့သက်ဆိုင်တဲ့ ကုန်သွယ်မှုစီမံကိန်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ငွေပေးငွေချေ ကိစ္စရပ်များ၊ ရာဘာတင်ပို့မှု ကိစ္စရပ်များ၊ အခြေခံအဆောက်အဦ တည်ဆောက်မှုများနဲ့ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်တင်ပို့မှု လမ်းကြောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

ထို့အတူ မြန်မာဘက်ကလည်း InyaLand နည်းပညာကုမ္ပဏီ၊ AYA bank၊ Myanmar–China Tourism Promotion Working Groupနဲ့ Aung Shwe Thee Public Company Limitedစတဲ့ ကုမ္ပဏီ၄ခုကလည်း နည်းပညာဆိုင်ရာ စီမံကိန်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနဲ့ မြန်မာ-တရုတ် ခရီးသွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ရင်းနှီးမြှုပ်နှံခွင့်ရမယ့် စိုက်ပျိုးမွေးမြူရေး ဧရိယာစီမံကိန်းများကို ထည့်သွင်းရှင်းလင်း ခဲ့ကြပါတယ်။

ဒီလိုယူနန်-မြန်မာ အစည်းအဝေးမှာ စီမံကိန်းများကို ထည့်သွင်းရှင်းလင်းခဲ့ပြီး နောက်မှာ ယူနန်ပြည်နယ် စီးပွားရေး ကိုယ်စားလှယ်အများစုက လယ်ယာထွက်ကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းတွေ ရင်းနှီးမြှုပ်နှံခွင့်ကို ပိုမိုစိတ်ဝင်စားမှုတွေ ရှိတယ်လို့လည်း UMFCCI အဖွဲ့ဝင်ဦးအောင်ကြည်စိုးက MFNကို သီးသန့်မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: