> 首页 > MFN

ကမ္ဘာ့သကြားဈေးကွက်ကြောင့် မြန်မာ့သကြားဈေးတက်

ပြည်တွင်းရှိ သကြားဈေးတစ်ပိဿာကို ငွေကျပ်၆၀၀ခန့် မြင့်တက်လာပြီး သကြားတစ်ပိဿာလျှင် ငွေကျပ်၂၉၆၀အထိ ရှိလာတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

ဒါဟာ ကမ္ဘာ့သကြားဈေး မြင့်တက်မှုကြောင့်ဖြစ်ပြီး ကမ္ဘာ့သကြားဈေးကွက်ဟာလည်း တစ်တန်ကို ယခင်က ကန်ဒေါ်လာ ၅၀၀ဝန်းကျင်သာ ရှိပေမယ့် အခုတော့ ကန်ဒေါ်လာ၇၈၀ဝန်းကျင်အထိ မြင့်တက်လာတာမို့ ပြည်တွင်းဈေးနှုန်းပါ အခုလို မြင့်တက်လာရတာပါ။

“သကြားဈေးလည်း တက်တယ်။ နောက်ပြီး ကြံထုတ်လုပ်မှုကလည်း ဒီနှစ်နည်းတယ်။ တချို့စက်ရုံတွေဆို စောပြီး သိမ်းတာတွေတောင် ရှိတယ်။ လက်ကျန် နည်းတာလည်းပါတယ်”လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူက ပြောပါတယ်။

ဒီလိုအခြေအနေဟာ ကြံအထွက်နှုန်း နည်းပါးခဲ့တာကြောင့် ဖြစ်သလို ပြည်တွင်းရှိ သကြားလက်ကျန်နည်းပါးတာ၊ ပြည်ပမှ သကြားဝင်ရောက်မှု မရှိတာတွေကြောင့်ဖြစ်သလို ကြံကြိတ်ခွဲရာသီ အတွင်းကတည်းကလည်း သကြားဈေးနှုန်းဟာ စံချိန်တင် ဆက်လက်မြင့်တက်နေတာလို့ ၎င်းကဆိုပါတယ်။

ဒီလိုစံချိန်တင် မြင့်တက်မှုတွေကြောင့် ကြံကုန်ကြမ်းရဲ့ ဈေးနှုန်းတွေကိုလည်း သကြားစက်များ အလိုက်တိုးမြှင့် သတ်မှတ်ပေးနေရပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် တစ်တန်လျှင် ငွေကျပ်တစ်သိန်းဝန်းကျင်အထိ ပေးချေနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်ကို သကြားတန်ချိန် ငါးသိန်းခန့်အထိ ထွက်ရှိကာ တန်ချိန်၄သိန်းခွဲခန့်ကို ပြည်တွင်းမှာ စားသုံးနေတာပါ။ ကြံကြိတ်ခွဲရာသီဟာလည်း နှစ်စဉ်ဒီဇင်ဘာလမှစတင်၍ ဧပြီလလဆန်းပိုင်းမှာ ကုန်ဆုံးလေ့ရှိပါတယ်။

ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှာ စိုက်ပျိုးနေပြီး ထုတ်လုပ်မှုအားဖြင့် တစ်နိုင်ငံလုံးမှာ သကြားစက်ရုံပေါင်း ၂၃ရုံရှိကာ သကြားထုတ်လုပ်တဲ့ စက်ရုံတွေကို ကြံစိုက်ပျိုးရာနေရာတွေရဲ့ အနီးဆုံးမှာ တည်ဆောက်ထုတ်လုပ်နေတာပါ။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: