EV တင်သွင်းသူတွေ လိုက်နာရမယ်စည်းကမ်းများနှင့် ကား Show Room များ လိုက်နာရမယ့် စည်းကမ်းများ ထုတ်ပြန်လာ
အစပျိုးစမ်းသပ်ကာလ (Pilot Project)အတွင်း လျှပ်စစ်ကား(EV)ကား တင်သွင်းမယ့် ကုမ္ပဏီအနေနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ဖို့ လိုအပ်သလို ဗဟိုဘဏ်က အသိအမှတ်ပြုထားတဲ့ ဘဏ်မှာကျပ်သိန်း၅၀၀ တင်သွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမယ်လို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်။
(EV)ကား တင်သွင်းတဲ့အခါ တင်သွင်းမယ့် ကုမ္ပဏီတွေအနေနဲ့ ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်အစီးရေ အတိုင်းသာ တင်သွင်းရမှာဖြစ်ပါတယ်။ ထို့အပြင် တင်သွင်းလာသော ယာဉ်တွေကို ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ရန် လိုအပ်သလို တင်သွင်းမယ့် EVယာဉ်များအတွက် လိုအပ်တဲ့ အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ထားရမယ်လို့ ဆိုပါတယ်။
ယခုအမိန့်ကြော်ငြာစာမှာ လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ပြီး BEV(Battery Electric Vechicle) ယာဉ်များသာဖြစ်ရမှာဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီ၁ရက်မှ ဒီဇင်ဘာ၃၁ရက်နေ့အထိ အကျိုးသက်ရောက်စေမယ်လို့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ယခုလို EVကားများ တင်သွင်းမှုအတွက်သာမက မော်တော်ယာဉ် အရောင်းပြခန်း (Show Room)တွင် ရောင်းရမည့် မော်တော်ယာဉ် တင်သွင်းရာတွင် လိုက်နာရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ပါတယ်။
အရောင်းပြခန်းများ ဖွင့်လှစ်ရန် နိုင်ငံသားဖြစ်စေ၊ မြန်မာနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ DICAတွင် ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် မှတ်ပုံတင်လက်မှတ် ရရှိထားရမှာဖြစ်ပြီး တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီဖြစ်စေ၊ ဒေသဆိုင်ရာရုံး (Regional office)မှဖြစ်စေ မော်တော်ယာဉ်အသစ်များ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ် (Distributorship) သို့မဟုတ် အရောင်းကိုယ်စားလှယ် (Dealership)အဖြစ် တရားဝင်ခန့်အပ်ခြင်း ခံရသည့်ကုမ္ပဏီ ဖြစ်ရမယ်လို့ သိရှိရပါတယ်။
အရောင်းပြခန်း ဖွင့်လှစ်ရန် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပြခန်းဖွင့်လှစ်ရန် အာမခံငွေအဖြစ် ကျပ်သိန်း(၁၀၀၀)ကို ဗဟိုဘဏ် အသိအမှတ်ပြုဘဏ်တွင် သီးခြားငွေစာရင်း ဖွင့်လှစ်၍ ထည့်သွင်းသိမ်းဆည်း ထားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြခန်းတွင် တင်သွင်းလာသည့် မော်တော်ယာဉ်ဟာ အသစ်(Brand New)ဖြစ်ရမှာဖြစ်ပြီး မော်ဒယ်နှစ်အနေနဲ့ ရောက်ရှိသည့် ခုနှစ်နှင့် ရောက်ရှိသည့် ခုနှစ်၏ တစ်နှစ်အောက်နိမ့်သော မော်ဒယ်နှစ်ဖြစ်ရမှာဖြစ်သလို ဘယ်မောင်းယာဉ်ကိုသာ တင်သွင်းရမယ်လို့ ဆိုပါတယ်။
အရောင်းပြခန်းနှင့် သိုလှောင်ရုံဟာ ပြခန်းဖွင့်လှစ်မယ့် တိုင်းနှင့်ပြည်နယ် တစ်ခုအတွင်း၌သာ ရှိရမှာဖြစ်ပြီး အရောင်းပြခန်း အကျယ်အဝန်းအားဖြင့် စတုရန်းပေ(၁၄၀၀၀)နှင့် သိုလှောင်ရုံ အကျယ်အဝန်း စတုရန်းပေ (၅၀၀၀)ရှိရမယ်လို့ သိရှိရပါတယ်။
ကားအရောင်းအဝယ် ပြခန်းဖွင့်လှစ်ခွင့်ရရှိသည့် ကုမ္ပဏီဟာ ခွင့်ပြုထားတဲ့ တင်သွင်းခွင့်လိုင်စင်ကို အခြားသူများထံသို့ လွှဲပြောင်းရောင်းချခြင်း မပြုရဘူးလို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားပါတယ်။



