၂ နှစ် ရပ်ဆိုင်းထားတဲ့ မန်စီ - မန္တလေး လေကြောင်းလိုင်း ပြန်ပြေးဆွဲမည်
၂နှစ်အကြာ ရပ်ဆိုင်းခဲ့တဲ့ တရုတ်နိုင်ငံ ရွှေလီလေကြောင်းလိုင်း (Ruili Airlines) ခရီးစဉ်တွေ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။ အခုနှစ် ဇန်နဝါရီ၂၁ရက်ကစပြီး မန်စီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှမန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်း ပြေးဆွဲတော့မယ်လို့ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးက သိရပါတယ်။
အဆိုပါ မန်စီ-မန္တလေး ခရီးစဉ်တွေကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်ပြီး လေယာဉ်အမှတ် DR5037ဖြင့် မန်စီမြို့မှ ဒေသစံတော်ချိန်ညနေ၅နာရီ ထွက်ခွာမှာဖြစ်သလို မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ညနေ၆နာရီ၁၀မိနစ်ခန့်မှာ ဆိုက်ရောက်မှာပါ။
ထပ်မံကာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ည၇နာရီ၁၀မိနစ် ထွက်ခွာမှာဖြစ်သလို မန်စီမြို့သို့ ဒေသစံတော်ချိန် ည၈နာရီ၁၀မိနစ် ဆိုက်ရောက်မယ်လို့ သိရပါတယ်။ အခုဆိုရင် ကိုဗစ်ရောဂါဖြစ်ပွားမှုကလည်း လျော့ကျလာခဲ့ပါပြီ။ ဒါကြောင့် နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်တာတွေ ထွက်ခွာတာတွေ ရှိနေပြီမို့ ပြည်ပခရီးသွားတွေကိုလည်း ဝင်ရောက်မှု တိုးတက်အောင် အခုလို ခရီးစဉ်တွေကို ပြန်လည်ဖွင့်လှစ် ပေးနေတာလို့ သိရပါတယ်။