နိုင်ငံပိုင် ရာဘာ စက်ရုံ ပူးပေါင်းလုပ်ကိုင်လိုသူကို သက်တမ်းတိုး ထပ်ခေါ်ယူပြန်
စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း လက်အောက်ရှိ အမှတ်(၂၁)တာယာစက်ရုံ (သထုံ)ကို ပူးပေါင်းလုပ်ကိုင်ဖို့ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ တင်ဒါခေါ်ယူနေပါတယ်။ အဲဒီတင်ဒါကတော့ မွန်ပြည်နယ်၊ သထုံမြို့နယ် သထုံ-ဘားအံ မော်တော်ကားလမ်း၊ ကြာပန်းကျေးရွာအနီးမှာ တည်ရှိတဲ့အမှတ်(၂၁) အကြီးစားစက်ရုံ (တာယာစက်ရုံသထုံ)ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public Private Partnership-PPP) ပုံစံနဲ့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။
အဆိုပါ သထုံတာယာစက်ရုံကို Czechနည်းပညာနဲ့ တည်ထောင်၍ ၁၉၈၅ခုနှစ်မှာ စတင်လည်ပတ်ခဲ့ပြီး ကျွတ်တပ်ဆင်အသုံးပြုရတဲ့ Bias Tyreတွေ ထုတ်လုပ်ခဲ့တာပါ။ အခုတော့ တာယာနဲ့ရာဘာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းတွေအပြင် အခြားစက်မှုထုတ်ကုန်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေကိုပါ လုပ်ကိုင်နိုင်ဖို့ အခုလို တင်ဒါခေါ်ယူရတာလို့ သိရပါတယ်။ ဒီစက်ရုံတင်ဒါကို ကုန်ခဲ့တဲ့၂၀၂၂ခုနှစ် ဩဂုတ်လလောက်ကတည်းက ခေါ်ယူနေခဲ့တာပါ။
ဒါကြောင့်စိတ်ပါဝင်စားတဲ့ ရင်းနှီးမြုပ်နှံလိုသူတွေအနေနဲ့ စိတ်ဝင်စားမှု အဆိုပြုလွှာများကို အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းရုံးအမှတ်၄၁ နေပြည်တော်သို့ လာမယ့်ဖေဖော်ဝါရီလ ၁၀ရက်နောက်ဆုံးထားကာ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းတွင် လည်ပတ်တဲ့ အစိုးရစက်ရုံ(၁၂)ရုံနှင့် PPP(Public-Private Partnership) ဆောင်ရွက်လျက်ရှိသော စက်ရုံ(၁၅)ရုံ ရှိနေတာပါ။
အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်း(ရုံးချုပ်)၊ အမှတ်(၂၁) အကြီးစားစက်ရုံ(သထုံ)၊ ရာဘာပစ္စည်းစက်ရုံခွဲ (သင်္ဃန်းကျွန်း)၊ အမှတ်(၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်)၊ အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာအလုပ်ရုံ၊ LEDမီးသီးအလုပ်ရုံ၊ အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ)၊ အမှတ်(၃၁) အကြီးစားစက်ရုံ(သရက်)၊ အမှတ်(၃၂)အကြီးစား စက်ရုံ(ကြံခင်း)၊ အမှတ်(၃၂) အကြီးစားစက်ရုံ၊ မီးခံဘိလပ်မြေပြား ထုတ်လုပ်ရေးဌာန(မှော်ဘီ)၊ မှန်ထုတ်လုပ်ရေးဌာန (ပုသိမ်)နဲ့ ပလတ်စတစ်စက်ရုံ (ကျောက်ဆည်)တို့ ဖြစ်ပါတယ်။
ဒါ့အပြင် PPPဆောင်ရွက်လျက်ရှိသည့် စက်ရုံ/အလုပ်ရုံများကတော့ အမှတ်(၂၂)အကြီးစား စက်ရုံ(ဘီးလင်း)၊ အီလက်ထရော နစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံ(လှိုင်)၊ ဓာတ်ခဲအလုပ်ရုံ(တောင်ဒဂုံ)၊ အောက်ဆီဂျင်ဓာတ်ငွေ့နှင့် အက်ဆီတလင်း ဓာတ်ငွေ့အလုပ်ရုံ (တောင်ဒဂုံ)၊ အမှတ်(၃၄) အကြီးစားစက်ရုံ (သာယာဝတီ)၊ အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်)၊ အဆင့်မြင့် မီးခံအုတ်ထုတ်လုပ်ရေးဌာန (ကျောက်ဆည်)၊ ခရမ့်ရာဘာစက်ရုံ (သံဖြူဇရပ်)၊ ကျောက်ပြားထုတ်လုပ်ရေးဌာန (စကျင်)၊ မီးခံအုတ်ထုတ်လုပ်ရေးဌာန (တညင်းကုန်း)၊ အုတ်ထုတ်လုပ်ရေးဌာန (တညင်းကုန်း)၊ ကြွေထည်ပစ္စည်း ထုတ်လုပ်ရေးဌာန (မော်လမြိုင်)၊ ရာဘာပစ္စည်းစက်ရုံခွဲ (ရွှေဟင်္သာလမ်း)၊ အမှတ်(၃၅) အကြီးစားစက်ရုံ (ချောက်)နဲ့ အမှတ်(၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်)တို့ ဖြစ်ပါတယ်။