ပတ်စ်ပို့အတွက် ယခင် Online Booking ရယူထားမှုများ ပယ်ဖျက်၊ ကြားခံပွဲစားများနဲ့ လုပ်ရင် Black list သွင်းမယ်
ပတ်စ်ပို့လျှောက်ထားခြင်းအတွက် Online Appointment Systemစနစ်သစ်ကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏တရားဝင်ဝက်ဘ်ဆိုဒ်သို့ ယနေ့မှစ၍ ဝင်ရောက်လျှောက်ထားနိုင်ပြီလို့ ကြေညာလိုက်ပြီး ယခင်စနစ်ဟောင်းဖြင့် ရယူထားတဲ့ QRကုတ်ရက်ချိန်းများကို ပယ်ဖျက်လိုက်ကာ အသစ်ပြန်လည်ရယူရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ပတ်စ်ပို့ရုံးများကို ဖေဖော်ဝါရီလ ၂၄ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ရန်ကုန်ရုံးခွဲမှာသာ Online Bookingစနစ်ဖြင့် ရက်ချိန်းရယူ လျှောက်ထားရမှာဖြစ်ပါတယ်။ ထို့အပြင် စနစ်သစ်တွင် ပြည်သူများ နေ့စဉ်၊အချိန်မရွေး ကိုယ်တိုင်လျှောက်ထားနိုင်သည့် စနစ်နှင့် အွန်လိုင်းမှ ငွေပေးချေနိုင်သည့် စနစ်ကို ပြင်ဆင်ဆောင်ရွက်ထားပြီး ကျသင့်ငွေ ပေးသွင်းပြီးမှ ရက်ချိန်းရနိုင်မှာဖြစ်လို့ ပွဲစားများ၊ မသက်ဆိုင်သူများမှ အရေအတွက်များစွာ လျှောက်ထားမှုကို လျော့နည်းပပျောက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
Online Booking စနစ်သစ်တွင် ရှင်းလင်းလွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ရာတွင် ချက်ချင်းဖြည့်သွင်းရန် အခက်အခဲရှိပါက ကိုယ်ရေးအချက်အလက် (၁)ကိုသာလျှင် ချက်ချင်းဖြည့်သွင်းရန် လိုအပ်ပြီး ကျန်အချက်များအား ကိုယ်ရေးအချက်အလက်ပုံစံကို Downloadဆွဲယူကာ လက်ရေး(သို့မဟုတ်) ကွန်ပျူတာစီပြီး ရက်ချိန်းပေးသည့်ရက်တွင် ကိုယ်တိုင်ယူဆောင် လာနိုင်တယ်လို့လည်း ထုတ်ပြန်ထားမှုအရ သိရှိရပါတယ်။
ရက်ချိန်းရယူရာမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားခအနေဖြင့် အသစ်လျှောက်ခြင်း၊ သက်တမ်းတိုးခြင်းအတွက် ကျပ်(၃၅၀၀၀)၊ ပျောက်ဆုံး/ပျက်စီး လျှောက်ထားရန်အတွက် ကျပ်(၇၅၀၀၀)ကျသင့်မှာဖြစ်ပြီး၊ အွန်လိုင်းငွေပေးချေမှု စနစ်တွေဖြစ်တဲ့ KBZ Pay ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ဘဏ်များအားလုံး၏ MPUဘဏ်ကတ်ဖြင့် လည်းကောင်း တစ်ပါတည်း ပေးချေရမယ်လို့ အသိပေးထားပါတယ်။
ယခုစနစ်သစ်တွင် ကိုယ်တိုင်လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားခြင်းဖြစ်လို့ ပွဲစားများ၊ အကျိုးဆောင်ကုမ္ပဏီများ၊ အကျိုးဆောင်များ၊ အကျင့်ပျက်ဝန်ထမ်းများအား ငွေပေး၍ဆောင်ရွက်ခြင်း စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမှာဖြစ်တဲ့အပြင် Black listစာရင်းတွင် ထည့်သွင်းခံရမှာဖြစ်ပြီး နောင်တွင်လည်း နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားမှုတွင်ပါ ရှိပါတယ်။
အွန်လိုင်းစနစ်ဖြင့် ပတ်စ်ပို့လျှောက်ထားမှု Online Bookingစနစ်ကို ၂၀၂၂ခုနှစ် မတ်လ၂၁ရက်မှစ၍ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် QR Codeဖြင့် ရက်ချိန်းရယူစေပြီး သတ်မှတ်ထားတဲ့ နေ့ရက်/အချိန်များအတိုင်း ပတ်စ်ပို့ရုံးသို့ လာရောက်လျှောက်ထား စေခဲ့တာဖြစ်ပါတယ်။
www.passport.gov.mm