အငှားယာဉ်အဖြစ် ပြေးဆွဲမယ့် EV ယာဉ်များ City Taxi အဖြစ် မှတ်ပုံတင်ရမယ်
ပြည်တွင်းအငှားကား ဝန်ဆောင်မှုမှာ လျှပ်စစ်စနစ်သုံး EV ယာဉ်များကိုပါ ပြေးဆွဲခွင့်ပြုဖို့ စီစဉ်နေပါတယ်။ အဲဒီဝန်ဆောင်မှုကို ရန်ကုန်တိုင်းဒေသကြီးမှာ စတင်လုပ်ဆောင်မှာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း အငှားယာဉ်(Taxi)အဖြစ် ပြေးဆွဲမယ့် EV ယာဉ်တွေဟာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ထံမှာ City Taxi အဖြစ်တော့ မှတ်ပုံတင်ရမှာပါ။
ဒီလိုဆောင်ရွက်ရတာဟာလည်း အငှားယာဉ်တွေကို စည်းကမ်းနဲ့အညီ စနစ်တကျ ပြေးဆွဲနိုင်စေဖို့နဲ့ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ City Taxi များဖြစ်စေဖို့အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ စနစ်တကျ ပြုလုပ်နိုင်ဖို့ အခုလိုမှတ်ပုံတင် ဆောင်ရွက်ရတာလို့ YRTCက ဆိုထားတာပါ။ ဒါကြောင့် အခြားအငှားယာဉ်တွေနည်းတူ EV ယာဉ်တွေကိုလည်း မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်စေမှာဖြစ်သလို City Taxiအနေနဲ့ မှတ်ပုံတင်မှသာ မောင်းနှင်းခွင့် ရရှိမယ့် အခြေအနေပါ။
“ဒါဟာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့အညီ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်အားလုံးကို YRTC ကနေ City Taxi အဖြစ် မှတ်ပုံတင်နံပါတ်တွေ ပေးပြီးတော့ မှတ်ပုံတင်ပေးတာ ဖြစ်ပါတယ်။ အခုEV Taxi လုပ်ဖို့ စာရင်းပေးထားတဲ့ ယာဉ်တွေကိုလည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှာ မှတ်ပုံတင်နံပါတ်တွေ ရယူပြီးတော့ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနမှာ လုပ်ငန်းလိုင်စင် လုပ်နေဆဲဖြစ်ပါတယ်။ အဲဒါပြီးရင် Yangon City Taxi နံပါတ်ပေးပြီးတော့ မှတ်ပုံတင်ဆောင်ရွက်ပြီး City Taxiအဖြစ် မောင်းနှင်းခွင့်ရမှာပါ”လို့ YRTC ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါကြောင့် သိပ်မကြာမီမှာ EV ကားတွေကို City Taxi အဖြစ် လမ်းတွေပေါ်မှာ အသုံးပြုတော့မှာပါ။ EVကားတွေနည်းတူ ဆီ၊ ဂတ်စ်အသုံးပြုကာ မောင်းနှင်နေတဲ့ အငှားယာဉ်တွေဟာလည်း City Taxiအဖြစ် မှတ်ပုံတင်လာပြီး အခုဆိုရင် မှတ်ပုံတင်ယာဉ်အစီးရေ ၃၃၇၀ ကျော်ရှိလာသလို နေ့စဉ်ယာဉ်အစီးရေ ၃၅၀ ခန့်လောက် လာရောက်မှတ်ပုံတင်နေတယ်လို့ သိရပါတယ်။ အခုလို အငှားယာဉ်တွေကို City Taxiအဖြစ် မှတ်ပုံတင်ကြဖို့ကိုလည်း ယခုလအတွင်းမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက အသိပေးကြေညာထားတာဖြစ်ပြီး မှတ်ပုံမတင်ရသေးတဲ့ ယာဉ်တွေကတော့ ဖမ်းဆီးဒဏ်ရိုက်တာတွေ ပြုလုပ်ခံရတယ်လို့ အငှားယာဉ်မောင်းတွေထံမှ သိရပါတယ်။