ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုခြင်းဖြင့် ငွေပေးချေမှုများ တိုးချဲ့ဆောင်ရွက်မှုကို ကုန်သွယ်မှုမှာ ပိုမိုချောမွေ့စွာ အသုံးပြုရန် မြှင့်တင်လျက်ရှိ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရရှိသော ပြည်တွင်းဘဏ်လုပ်ငန်းများနှင့် ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ယွမ်ငွေဖြင့် ငွေပေးချေမှုများ တိုးချဲ့ပူးပေါင်း ဆောင်ရွက်မှုကို ကုန်သွယ်မှုကဏ္ဍမှာ ပိုမိုချောမွေ့စွာ အသုံးပြုနိုင်ရန် စဉ်ဆက်မပြတ် မြှင့်တင်ပေးနေတယ်လို့ သိရပါတယ်။
ထိုသို့ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုခြင်းဖြင့် ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ပါက ကုန်သွယ်မှုစရိတ်များကို လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေး သုံးစွဲမှုကဏ္ဍမှာ အမေရိကန်ဒေါ်လာကို အဓိက အားထားအသုံးပြုရတဲ့အတွက် ယခုလို တရုတ်ယွမ်ထည့်သွင်း အသုံးပြုမှုကို တိုးမြှင့်လုပ်ဆောင် လာခြင်းဖြစ်ပါတယ်။
ကိုဗစ်၁၉ ကပ်ရောဂါကာလအတွင်း ငွေပေးချေမှုလုပ်ငန်းများ အဆင်ပြေစေဖို့ Bank of China (Hong Kong) Ltd Yangon Branchကို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ ယွမ်/ကျပ်တိုက်ရိုက် အသုံးပြုလဲလှယ်မှုစနစ်အတွက် အသုံးပြုတဲ့ ဘဏ်အဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုပေးခဲ့ပါတယ်။
Bank of China(Hong Kong)Ltd Yangon Branchကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကာ ယခုလို(၂)နှစ်မြောက် အထိမ်းအမှတ် Customer Appreciation and Scholarship Rewarding Ceremonyကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့်တကွ တရုတ်သံရုံးမှ စီးပွားရေးသံမှူးနှင့် အဆင့်မြင့်အရာရှိများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးအကဲများ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်လုပ်ငန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ကာစတန်မာများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့်တကွ ဆရာ၊ဆရာမများ၊ ပညာသင်ဆုရ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဇော်မြင့်နိုင်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တန်ချိန် (၂)သိန်းတင်ပို့ရာတွင် ယွမ်ဖြင့်ငွေပေးချေမှုများ အဆင်ပြေစွာ ဝင်ရောက်နိုင်ဖို့အတွက် မြန်မာဘဏ်များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ပေးခဲ့တာဟာ အသိအမှတ်ပြုစရာ တစ်ခုဖြစ်ကြောင်း၊ မကြာသေးမီက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ တရုတ်ယွမ်ဖြင့် ငွေပေးချေမှုများအတွက် အားပေးရာရောက်တဲ့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ညွှန်ကြားချက်အသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို BOCHKရန်ကုန်ဘဏ်ခွဲ အနေနဲ့ တရုတ်နိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေး ဘဏ်များနှင့် တရုတ်နိုင်ငံဗဟိုဘဏ် (People’s Bank of China)တို့ထံ မျှဝေပေးခဲ့တဲ့အတွက်ကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏လမ်းညွှန်ချက်နှင့်အညီ တစ်ဖက်တစ်လမ်းအနေဖြင့် ပါဝင်ဆောင်ရွက်နေသော Bank of China(Hong Kong) ရန်ကုန်ဘဏ်ခွဲသည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်အားဖြည့်ပေးနေသည်ကို တွေ့ရသည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဘဏ္ဍာရေးဟာ တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသော အခြေခံအချက်ဖြစ်ပြီး ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အသက်သွေးကြောဖြစ်ကြောင်း BOCHKရန်ကုန်ဘဏ်ခွဲဟာ ကိုယ်ပိုင်အားသာချက်များကို အပြည့်အဝ အသုံးချကာ နိုင်ငံတကာနှင့် ချိတ်ဆက်၍ ၎င်း၏ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေရန် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများအတွက် ငွေကြေးအထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
တရုတ်-မြန်မာ ငွေရေးကြေးရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများသည် နှစ်နိုင်ငံပြည်သူများကို ပိုမိုအကျိုးရှိစေပြီး၊ ဘဏ်လုပ်ငန်းများ အပြန်အလှန်အကျိုးရှိစေမည့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတစ်ရပ်ကို ဖော်ဆောင်ပေးသလို ဘဏ္ဍာရေးဆိုင်ရာ စွမ်းအားကို ထိရောက်စွာ အသုံးပြုပြီး တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအတွက် BOCHK ရန်ကုန်ဘဏ်ခွဲဟာ တံတားတစ်စင်း တည်ဆောက်ပေးခဲ့ခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
CBMနှင့် BOCအကြား ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ပါကလည်း CBM-NETနှင့် CIPSချိတ်ဆက်၍ Real RMB Payment Transactionအတွက် စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ကာ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားဖို့နဲ့ အောင်မှုများရရှိဖို့ မျှော်လင့်ထားတယ်လို့ သိရှိရပါတယ်။
BOCHKရန်ကုန်ဘဏ်ခွဲ၏ CEO Mr. Liu Yingက“ပထမဦးစွာYangon Branchရဲ့ကိုယ်စား Yangon Branch တိုးတက်အောင် ကာလကြာရှည် အားပေးခဲ့တဲ့ ကာစတန်မာကြီးများနဲ့ မိတ်ဆွေများအားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်ပါကြောင်း၊ အလုပ်တာဝန်များကို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြသော Yangon Branchဝန်ထမ်းများနဲ့ မိသားစုများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကုန်လွန်ခဲ့သော ၂နှစ်တာကာလကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် Yangon Branch ဖွံ့ဖြိုးမှုမှာ အားရစရာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ရှုပ်ထွေးပြီး အစဉ်ပြောင်းလဲနေတဲ့ နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာမှာ အားလုံးတစ်စိတ်တည်းတစ်ဝမ်းတည်း တည်တည်ငြိမ်ငြိမ် တုံ့ပြန်ခဲ့ကြပါတယ်။ အကျပ်အတည်းအတွင်း အခွင့်အလမ်းသစ်ကိုလည်း ရှာဖွေခဲ့ပါတယ်။ ပြောင်းလဲနေသော အခြေအနေတွင် အခြေအနေသစ်ကို ရောက်ရှိအောင် တူညီစွာ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် နိုင်ငံသုံးစွဲငွေကြေးဖြင့် ပေးချေရေးကို အင်တိုက်အားတိုက် တွန်းအားပေးခဲ့ပါတယ်။ ပြည်တွင်းဘဏ်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းဘဏ်များ နိုင်ငံခြားငွေကြေးဈေးကွက် Liquidityကို အားကြိုးမာန်တက် အားပေးခဲ့ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများအတွက် လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချပေးခဲ့ပြီး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုလမ်းကြောင်း ချောမွေ့စေရန် ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ COVID-19ကာလအတွင်း Customerများအား အချိန်နှင့်တစ်ပြေးညီ အဆင်ပြေစေမည့် ဝန်ဆောင်မှုများကို တက်ကြွစွာပံ့ပိုးပေးခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ စွမ်းအားကို ထိရောက်စွာအသုံးပြုပြီး တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုအတွက် တံတားတစ်စင်း တည်ဆောက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့သည် "ကမ္ဘာကိုပေါင်းစည်း၊ လူ့အဖွဲ့အစည်းကို အကျိုးပြု"ဟူသည့် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ Bank of China-Yangon University Scholarship and Grant Projectကို ထူထောင်ခဲ့ပြီး ငွေကြေးအခက်အခဲရှိသော ထူးချွန်ထက်မြက်သော ကျောင်းသူကျောင်းသားများ ပညာရေးဆုံးခန်းတိုင်အောင် ကူညီထောက်ပံ့ခြင်းများကို လုပ်ဆောင်ခဲ့ပါတယ်။ ပရဟိတရန်ပုံငွေ ထူထောင်ပြီး လူငယ်ဖွံ့ဖြိုးရေး စင်တာများ၊ ဘိုးဘွားရိပ်သာများ၊ မသန်စွမ်းသူများ ကျောင်းနှင့်အခြေခံပညာ စာသင်ကျောင်းများ စသည့်ကပ်ရောဂါဘေးဒဏ်သင့် နေရာများသို့ သွားရောက်ကာ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်မှုများ၊ စားနပ်ရိက္ခာလှူဒါန်းမှုများ ပေးပို့ခဲ့ပါတယ်။ ဒီ၂နှစ်အတွင်းမှာ ကျွန်တော်တို့သည် မြန်မာပြည်သူများနဲ့အတူတကွ ရပ်တည်ခဲ့ပြီး အချင်းချင်းကူညီကာ၊ စေတနာမေတ္တာဖြင့် လူမှုရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး လူမှုအဖွဲ့အစည်းများမှ ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းတွင် ပညာရေးသည် ရေရှည်စီမံကိန်းနှင့် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ Yangon Branchမှ ယခုအကြိမ်ပညာသင်ဆု ရရှိခဲ့သော ကျောင်းသူကျောင်းသားများအတွက် ဂုဏ်ယူပါကြောင်း ပညာဆည်းပူး သင်ယူမှုတွင် ဆက်လက်ကြိုးစားရန်၊ ရှေ့သို့မှန်မှန်လျှောက်လှမ်းရန်နှင့် ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်ရန် တိုက်တွန်းကြောင်း၊ ငွေကြေးလုပ်ငန်းတွင် စိတ်ပါဝင်စားသော လူငယ်များကိုလည်း Bank of China၏ မိသားစုကြီးတွင် ပါဝင်ရန် ကြိုဆိုပါကြောင်း”ပြောကြားပေးခဲ့ပါတယ်။
BOC Scholarship Programကနေ ရန်ကုန်တက္ကသိုလ်မှ ပညာသင်ဆုရ ကျောင်းသားကျောင်းသူ အယောက်၁၀၀အတွက် ၄နှစ်တာကာလ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းဖြစ်ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလက ပထမအကြိမ်အဖြစ် ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ(၇၅)ဦးအား ပညာသင်ဆုများ ပေးအပ်ခဲ့ပါတယ်။
BOCHK ရန်ကုန်ဘဏ်ခွဲအနေဖြင့် ဘဏ်အကောင့်ဖွင့်လှစ်ခြင်း၊ အကောင့်စီမံခန့်ခွဲခြင်း၊ ငွေပေးချေမှုလုပ်ငန်း၊ နိုင်ငံခြားငွေလဲလှယ်မှုလုပ်ငန်း၊ ကုမ္ပဏီများ၏ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို အဓိကဝန်ဆောင်မှုပေးပြီး ယွမ်ပေးချေမှု လုပ်ငန်းဝန်ဆောင်မှုများနှင့် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး အခန်းကဏ္ဍများမှာ စဉ်ဆက်မပြတ် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ပိုမိုပြည့်စုံသော ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။