ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုမယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်း
ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝအရင်းအမြစ်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်စီးပွား ခရီးသွားလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြပါတယ်။
ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် နယ်စပ်ကုန်သွယ်ရေး၊ ပြည်ပဆက်သွယ် ကူးသန်းရောင်းဝယ်ရေး တိုးတက်လာအောင် ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများ ရှိနေရာ ယခုတွင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမယ့် ပလက်ဝပြည်တွင်း ရေကြောင်းဆိပ်ကမ်းတို့ကို တည်ဆောက်ထားပြီး အပြည်ပြည်ဆိုင်ရာ အကောက်ခွန် ဆိပ်ကမ်းအဖြစ်လည်း သတ်မှတ်ဆောင်ရွက်မယ်လို့ သိရှိရပါတယ်။
ပလက်ဝမှ မြန်မာ-အိန္ဒိယ နယ်စပ်အထိ အဝေးပြေးကားလမ်း ဖောက်လုပ်ရန် ဆောင်ရွက်နေပြီး စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ပြည်နယ်ဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကို အကျိုးများစွာဖြစ်ထွန်းစေနိုင်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေးစီမံကိန်း တစ်ခု တည်ဆောက်လျက်ရှိပြီး အဆိုပါ စီမံကိန်းကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိကာ ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို တိုးမြှင့်နိုင်မည့် စီမံကိန်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ရခိုင်ပြည်နယ်သို့ သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူ ပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးထားပါတယ်။
အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျှင်မြန်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နိုင်ငံများ ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံး အတွက် မဟာဗျူဟာအရ အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားပါတယ်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုလားတန် မြစ်ကြောင်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေမှာဖြစ်တာကြောင့် စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်း ဆောင်ရွက်ကြရန်လည်း ၎င်းက မှာကြားထားပါတယ်။
ကုလားတန်မြစ်သည်အိန္ဒိယနိုင်ငံနှင့်ချင်းပြည်နယ်တောင်တန်းများမှရခိုင်ပြည်နယ်သို့ဖြတ်သန်းစီးဆင်းနေသည့်မြစ်တစ်စင်းဖြစ်ပြီးယခုအခါစီမံကိန်းနှင့်ပတ်သက်၍ရုံးအဆောက်အအုံများ၊စက်ယန္တရားများနှင့်မြစ်တွင်းသွားသယ်ယူပို့ဆောင်ရေးယာဉ်များရှိနေတယ်လို့လည်းနစကရဲ့အချက်အလက်များအရသိရှိရပါတယ်။
ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြန်မာနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ ကုန်သွယ်မှု အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့် သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာကာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ပြုစေခြင်း၊ ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်းများ ပွင့်လန်းလာခြင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများ အနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာနိုင်တယ်လို့ သိရှိရပါတယ်။