အသက် ၁၈ နှစ်အောက် သုံးစွဲသူတွေရဲ့ Screen Time ကို ကန့်သတ်တော့မယ့် Tik Tok
လူသုံးများတဲ့ လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Tik Tok(တစ်တော့)က အသက်၁၈နှစ်အောက် သုံးစွဲသူများအတွက် နေ့စဉ်အသုံးပြုချိန် (Screen Time)ကို မိနစ်၆၀အထိသာ ကန့်သတ်သွားတော့မယ်လို့ အဆိုပါ လူမှုကွန်ရက်မှ မတ်လ၁ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အခုလို နေ့စဉ်သုံးစွဲမှု ကန့်သတ်ချိန် သတ်မှတ်မှုကို လာမယ့်ရက်သတ္တပတ်အတွင်း စတင်မှာဖြစ်ပြီး၊ လုပ်ဆောင်မှုအသစ်များကိုလည်း ဖြည့်သွင်းထားတယ်လို့ ကြေညာထားပါတယ်။ အသက်၁၈နှစ်အောက် သုံးစွဲသူများဟာ တစ်တော့အက်ပလီကေးရှင်းကို မိနစ်၆၀အထိ သုံးစွဲချိန်ကြာမြင့်ပါက သုံးစွဲမှု အလိုအလျောက် ရပ်တန့်သွားမှာဖြစ်ပြီး ၎င်းတို့၏ အကောင့်ပြန်ဝင်မှသာ ပြန်လည်သုံးစွဲခွင့် ရရှိမှာဖြစ်ကြောင်း၊ ဒါဟာTik Tokကို ဆက်လက်အချိန်ယူ သုံးစွဲဦးမလားဆိုတာကို သတိပေးတဲ့သဘော ဖြစ်တယ်လို့ သိရှိရပါတယ်။
အသက်၁၃နှစ်အောက် အကောင့်တွေကိုလည်း အသုံးပြုချိန် မိနစ်၆၀အထိ သတ်မှတ်ထားပြီးတော့ မိဘအုပ်ထိန်းသူတွေက အကောင့်ပြန်ဝင်ပေးမှသာ နောက်ထပ်မိနစ်၃၀သာ အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ အလိုအလျောက် ရပ်တန့်မှုလုပ်ဆောင်ချက်ကို ပိတ်ထားပါကလည်း သုံးစွဲချိန် မိနစ်၁၀၀ကျော်သွားပါက နေ့စဉ်သုံးစွဲချိန် ကန့်သတ်ချက်အတွက် Tik Tokမှ သတိပေးနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် အုပ်ထိန်းသူမိဘများက ၎င်းတို့၏ သားသမီးများ တစ်တော့အက်ပလီကေးရှင်း နေ့စဉ်သုံးစွဲမှု အချိန်ပမာဏကို ၎င်းတို့ ကြိုက်နှစ်သက်သည့် အချိန်ကြာမြင့်မှုအထိ ထားရှိနိုင်ရန် စီစဉ်ပေးထားသလို အက်ပလီကေးရှင်းကို ၎င်းတို့ကလေးများ သုံးစွဲသည့် ကြာမြင့်ချိန်နှင့် အကောင့်ကို ဘယ်နှကြိမ် ပြန်လည်ဝင်ရောက်သလဲဆိုတဲ့ အချက်အလက် များကိုလည်း မိဘအုပ်ထားသူများက စစ်ဆေးနိုင်မယ်လို့ တစ်တော့က ကြေညာထားပါတယ်။
ပြည်တွင်းမှ Tik Tokသုံးစွဲသူ တစ်ဦးက“ကိုယ်လုပ်ချင်တဲ့ Content တစ်ခုဗီဒီယိုတစ်ခုကို အချိန်အကြာကြီး ဖန်တီးစရာမလိုဘဲ function များများသုံးပြီး လုပ်လို့ရတာက အားသာချက်ပေါ့၊ ဒါပေမယ့် အားနည်းချက်က သူ့ကိုသုံးတဲ့အချိန်ပေါ့။ တစ်ခါသုံးလိုက်မိရင် အချိန်ဘယ်လို ကုန်သွားမှန်းမသိတာပေါ့၊ ဘာမှမလုပ်ဖြစ်လိုက်ဘဲ အချိန်တွေ ကုန်သွားတာပေါ့၊ facebookမှာက ကိုယ်ကြည့်နေကြဟာတွေက အမြဲတမ်းမပေါ်ဘူး။ ဥပမာ အစားအသောက် ကြော်ငြာဆိုရင် တစ်ခုနှစ်ခု ပေါ်လိုက် တခြားဟာလေးတွေ ပေါ်လိုက်ပေါ့၊ အဲ့တော့ မကြည့်ချင်တော့ရင် ပိတ်လိုက်ပြီး နားလို့ရတယ်။ တစ်တော့ကတော့ ကိုယ်ကြိုက်တဲ့ဟာ တစ်ခုကြည့်နေရင် နောက်ထပ်လည်း အဲ့လိုဗီဒီယိုတွေက ဆက်တိုက်ပေါ်နေတော့ ကြည့်ရင်းကြည့်ရင်းနဲ့ အချိန်ကုန်လာတာကို မသိတော့ဘူး၊ ဆိုတော့ လူငယ်တွေဆိုရင် ပိုဆိုးတာပေါ့၊ ဆေးစွဲသလို စွဲသွားကြတော့ သူတို့အရေးကြီးတာတွေကို ဘာမှ ဆက်မလုပ်နိုင်တော့ဘဲ အဲ့ပေါ်မှာ စွဲလန်းပြီး အချိန်တွေ ကုန်နေကြတာ မသိတော့ဘူး၊ အသက်ငယ်သူတွေက ကိုယ်တိုင် မထိန်းချုပ်နိုင်ကြဘူး၊ ဘေးကပြောနေမှ ရတာဆိုတော့ အဲ့တစ်ခုတော့ အားနည်းတာပေါ့”လို့ သူ့အမြင်ကို MFNသို့ ပြောပါတယ်။