> 首页 > MFN

ရန်ကုန်မြို့ လေထုအရည်အသွေး ကျန်းမာရေးထိခိုက်နိုင်တဲ့အဆင့်ရှိနေတယ်လို့ IQ Air ထုတ်ပြန်

ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ လူတိုင်းကျန်းမာရေး ထိခိုက်နိုင်တဲ့အနေအထား ရှိနေပြီး ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့တွေရဲ့ ထိပ်ပိုင်းမှာ ပါဝင်နေတယ်လို့ IQ Air ထုတ်ပြန်ထားပါတယ်။

ယခုလဆန်းက ဆွစ်ဇာလန် အခြေစိုက် လေထုအရည်အသွေး နည်းပညာကုမ္ပဏီဖြစ်တဲ့ IQ Airရဲ့ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံး၁၀မြို့ရဲ့ Air Quality Index (AQI) အဆင့်သတ်မှတ်ချက်မှာ ရန်ကုန်မြို့ ပါဝင်နေတာပါ။

IQ Airရဲ့ လေထုအရည်အသွေးနဲ့ ပတ်သက်လို့ ကမ္ဘာ့အညွန်းကို နေ့စဉ်အချိန်နှင့်တပြေးညီ ထုတ်ပြန်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၂၈ရက်တွင် ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ဟာ လေထုညစ်ညမ်းမှု အဆင့်၂မှာရှိခဲ့ပြီး မတ်လ၃ရက်နေ့မှာတော့ အဆင့်၄ဖြင့် AQI(၁၈၉)ရှိခဲ့ကာ မတ်လ၆ရက်နေ့မှာတော့ အဆင့်၁၂အဖြစ် AQI(၁၅၃) ရှိခဲ့ပါတယ်။

Air Quality Index (AQI)သည် နေ့စဉ်ရှူသွင်းနေသည့် လေအရည်အသွေးကို တိုင်းတာချက်ဖြစ်ပြီး AQIသည် အဓိက ညစ်ညမ်းစေသည့် ဓာတ်ငွေ့ငါးမျိုးဖြစ်သော Carbon Monoxide, Nitrogen Dioxide, Sulphur Dioxide, Ground Level Qzenနှင့် Particular Matter ညစ်ညမ်းမှုများအပေါ် ဆုံးဖြတ်ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

လေထုအရည်အသွေး တိုင်းတာရာတွင် အရောင်ခြောက်မျိုး သတ်မှတ်ထားပြီး အစိမ်းရောင် အဆင့်သုညမှ ၅၀အထိသည် လေထုညစ်ညမ်းမှု မရှိကြောင်း၊ အဝါရောင်အဆင့်၅၁မှ ၁၀၀သည် လေထုညစ်ညမ်းမှု အသင့်အတင့်ရှိတယ်လို့ သိရှိရပါတယ်။

လိမ္မော်ရောင် အဆင့်၁၀၁မှ ၁၅၀သည် လေထုညစ်ညမ်းမှုကို ခံနိုင်ရည်နည်းပါးသူများ ကျန်းမာရေးထိခိုက်နိုင်ပြီး၊ အနီရောင်အဆင့် ၁၅၁မှ၂၀၀သည် လူတိုင်းကျန်းမာရေး ထိခိုက်နိုင်တဲ့ အဆင့်လို့ သိရှိရပါတယ်။

ခရမ်းရောင်အဆင့် ၂၀၁မှ၃၀၀သည် လူတိုင်းကျန်းမာရေး ပိုမိုထိခိုက်နိုင်ကြောင်း၊ နီညိုရောင်အဆင့် ၃၀၁မှ၅၀၀သည် လူထုတစ်ရပ်လုံး၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်ခြေပိုများသည့် အန္တရာယ်ရှိတဲ့ အဆင့်လို့ သိရှိရပါတယ်။ 

ဒါကြောင့် ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ အနီရောင်အဆင့် ရှိနေတာကြောင့် ရန်ကုန်မြို့နေ လူများအတွက် မိမိတို့ပတ်ဝန်းကျင်ရဲ့ လေထုဟာကျန်းမာရေး ထိခိုက်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ထုတ်ပြန်ထားချက်အရ ပြင်ပလေနှင့် အိမ်တွင်းလေထု ညစ်ညမ်းမှုကြောင့် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နာတာရှည် အဆုတ်ပွနှင့် အဆုတ်ရောင်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းတွင် ပိုးဝင်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ သိရှိရပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာမှာတစ်နှစ်လျှင် လူဦးရေ(၇)သန်း သေဆုံးနေတယ်လို့လည်း သိရှိရပါတယ်။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအပေါ် အခြေခံတွက်ချက်ထားမှုအရ ရန်ကုန်မှာနေထိုင်သူ ခန့်မှန်းလူဦးရေ ရှစ်သန်းကျော်ရှိပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: