> 首页 > MFN

မြန်မာ့ရော်ဘာ ၉၂ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့နေပြီး တရုတ်နိုင်ငံမှ ၇၅ ရာခိုင်နှုန်းထိ ဝယ်ယူနေ

မြန်မာ့ရော်ဘာ စိုက်ဧကဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်သန်းခြောက်သိန်းကျော်ရှိပြီး ဧကရှစ်သိန်းကျော်မှ တစ်နှစ်ကို တန်ချိန်သုံးသိန်းကျော် ထုတ်လုပ်လျက်ရှိနေတယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းထံမှ သိရပါတယ်။

ယင်းထဲမှာမှ ပြည်တွင်းရော်ဘာ ထုတ်လုပ်မှုရဲ့ ၉၂ရာခိုင်နှုန်းထိ ပြည်ပထံ တင်ပို့နေပြီး ၇၅ရာခိုင်နှုန်းကို တရုတ်နိုင်ငံထံ အများဆုံး တင်ပို့နေရတယ်လို့ သိရပါတယ်။ ကျန်၁၇ရာခိုင်နှုန်းမှာ အင်ဒို၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ နိုင်ငံတွေအပြင် တရုတ်(တိုင်ပေ)ကိုလည်း တင်ပို့နေရပြီး ပြည်တွင်းမှ ၈ရာခိုင်နှုန်းမျှသာ သုံးစွဲလျက်ရှိနေတယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ဆိုထားပါတယ်။

"တရုတ်နိုင်ငံက ရော်ဘာကုန်ကြမ်း အသုံးပြုမှုများသလို ကုန်ချောထုတ်လုပ်တာလည်း များတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံတင်မကဘူး တခြားသောနိုင်ငံတွေဆီကလည်း အများအပြားဝယ်ပါတယ်"လို့ ၎င်းက ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၂၂-၂၃ဘဏ္ဍာနှစ် ၂၀၂၂ဧပြီလကနေ ၂၀၂၃ဖေဖော်ဝါရီထိ ၁၁လတာ ကာလအတွင်း ရော်ဘာပြည်ပ တင်ပို့မှုဟာ တန်ချိန်၂သိန်း ကျော်ရှိနေတယ်လို့ သိရပါတယ်။

ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးလေ့ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှာလည်း စိုက်ပျိုးလေ့ရှိတယ်လို့ သိရပါတယ်။ သို့ပေမယ့် မြန်မာ့ရော်ဘာ လုပ်ငန်းအများစုဟာ မုတ်သုံလေစတင်ဝင်ရောက်ချိန်မှ မိုးလေကင်းလွတ်ချိန်ဖြစ်တဲ့ မေလကုန်ကနေ စက်တင်ဘာ လကုန်ပိုင်းအထိကို အထွက်နှုန်း ကျဆင်းတာကြောင့် ရော်ဘာအစေးခြစ် လုပ်ငန်းရပ်နားတဲ့ ခြံပိတ်ရာသီ (ရော်ဘာစိုက်ရာသီ) အဖြစ် သတ်မှတ်သွားလေ့ ရှိတယ်လို့လည်း ရော်ဘာစိုက်ပျိုးလုပ်ငန်းရှင်တွေထံမှ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: