Yangon Water Bus သို့ အမည်မသိ ခြိမ်းခြောက်မှုတွေရှိနေလို့ ခရီးစဉ်များ ယာယီပြန်ရပ်နားမယ်
Yangon Water Bus ကုမ္ပဏီသို့ အမည်မသိခြိမ်းခြောက်တာတွေ လုပ်လာနေလို့ ခရီးစဉ်ပြေးဆွဲမှုတွေကို ယာယီပြန်ရပ်နားထားတယ်လို့ ယင်းကုမ္ပဏီမှယနေ့မတ်လ၉ရက်မှာ အသိပေးလာပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် Yangon Water Busပြေးဆွဲမှုတွေကို ၂နှစ်ကျော်ကြာ ရပ်နားထားခဲ့ရာမှ ပြီးခဲ့တဲ့၂၀၂၂ခုနှစ် အောက်တိုဘာလ၆ရက်မှ ခရီးစဉ်ပြေးဆွဲမှုတွေကို ပြန်လည်စတင်ခဲ့တာပါ။
ထိုသို့အခြေအနေတွင် YANGON WATER BUSရုံးချုပ်နှင့် CEO၏ကားများပေါ်တွင် ခြိမ်းခြောက်စာများ (မည်သူမည်ဝါမသိရ) သုံးကြိမ်တိုင် ရရှိသောကြောင့် ခရီးသည်များ၊ ဝန်ထမ်းများ လုံခြုံရေးအတွက် ခေတ္တရပ်နားထားမယ်လို့ဆိုပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေလုပ်ဆောင်ပြီးပါက ပြန်လည်ဖွင့်လှစ်မည်လို့ YANGON WATER BUSက ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ထို့အပြင်လက်ရှိမှာ“YANGON WATER BUSနှင့် ပတ်သက်သော ကြော်ငြာချက်အချို့ နိုင်ငံပိုင်သတင်းစာများတွင် ပါရှိခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း ဂုဏ်သတင်းညှိုးနွမ်းစေရန် ရည်ရွယ်၍ လီဆယ်ကြော်ငြာခြင်းသာ ဖြစ်ကြောင်းကို စမ်းချောင်းမြို့မ ရဲစခန်းတွင် သက်သေအထောက်အထား ခိုင်လုံစွာရှင်းလင်းထားပေမယ့်လည်း အကြိမ်ကြိမ်အမည် အမျိုးမျိုးဖြင့် သတင်းစာတွင် အများသိစေရန် ကြော်ငြာများ ထပ်မံထည့်သွင်းမှု ပြုလုပ်ခြင်း၊ အမှုဖွင့်ခြင်းများကို ဥပဒေမဲ့စွာ လုပ်ဆောင်နေခြင်းအတွက် အဆိုပါ လုပ်ဆောင်နေသူတို့အား အရေးယူတိုင်ကြားမူများ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။