တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ဆေးရုံပေါင်း ၄၉ ရုံအထိရှိလာ
မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ တိုင်းရင်းဆေးရုံပေါင်း ၄၉ရုံအထိရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ တိုင်းရင်းဆေးပညာ ဦးစီးဌာနဟာ ပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုင်းရင်းဆေးပညာရပ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ မြို့ကြီး၄၉မြို့မှာ တိုင်းရင်းဆေးရုံတွေ ဖွင့်လှစ်ဆောင်ရွက်ပေးနေတာပါ။ အဆိုပါ တိုင်းရင်းဆေးရုံတွေကို ခုတင်(၁၀၀)တိုင်းရင်းဆေးရုံ၊ ခုတင်(၅၀)တိုင်းရင်းဆေးရုံ၊ ခုတင်(၂၅)တိုင်းရင်းဆေးရုံနှင့် ခုတင်(၁၆) တိုင်းရင်းဆေးရုံစသဖြင့် ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးနေတာလို့ ကျန်းမာရေးဝန်ကြီးမှ သိရပါတယ်။
ခုတင်(၁၀၀) တိုင်းရင်းဆေးရုံတွေကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စတဲ့ မြို့ကြီး၃မြို့မှာ ၃ရုံ၊ ခုတင်(၅၀) တိုင်းရင်းဆေးရုံတွေကိုတော့ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ အေးသာယာ၊ ပဲခူး၊ မော်လမြိုင်၊ လွိုင်ကော်၊ စစ်တွေ၊ ဘားအံစတဲ့ မြို့ကြီး၉မြို့မှာ၉ရုံ၊ ခုတင်(၂၅)တိုင်းရင်းဆေးရုံတွေကိုတော့ ဘော်လခဲ၊ ရွှေဘို၊ ကလေး၊ မြိတ်၊ ပြည်၊ ပခုက္ကူ၊ ကျောက်ဆည်၊ ညောင်ဦး၊ ရမည်းသင်း၊ သထုံ၊ ကျိုင်းတုံ၊ လားရှိုး၊ လွိုင်လင်စတဲ့ မြို့၁၃မြို့မှာ၁၃ရုံ၊ ခုတင်(၁၆)တိုင်းရင်းဆေးရုံတွေကိုတော့ မိုးကောင်း၊ မန်စီ၊ ဒီးမော့ဆို၊ ဟားခါး၊ မင်းကွန်း၊ မြင်းမူ၊ ရေဦး၊ ကန့်ဘလူ၊ ထီးချိုင့်၊ ထားဝယ်၊ ရေတာရှည်၊ ညောင်လေးပင်၊ ဖြူး၊ ကြို့ပင်ကောက်၊ ပေါင်းတည်၊ ရေနံချောင်း၊ ပေါက်၊ မိုးကုတ်၊ ပျော်ဘွယ်၊ ထားဝယ်၊ မော်လမြိုင်ကျွန်း၊ ပုသိမ်၊ ကျုံပျော်၊ ကျေးသီးစတဲ့ မြို့၂၄မြို့တွင် ၂၄ရုံတို့ ဖြစ်ပါတယ်။
တိုင်းရင်းဆေးရုံတွေအနေနဲ့ ကုန်ခဲ့တဲ့၂၀၂၂ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လေဖြတ်၊ လေငန်းရောဂါ အမျိုးအစားများ အပါအဝင် အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ရောဂါများ၊ အာရုံကြောရောဂါများနှင့် အရေပြားရောဂါများကို အများဆုံး ကုသပေးခဲ့ရတာပါ။ ဒီအပြင် ချောင်းဆိုရောဂါ အပါအဝင် အခြားရောဂါကုသမှုများလည်း အသင့်တင့်ရှိကြောင်း သိရပါတယ်။