ဒလတံတားစီမံကိန်းကြောင့် ကမ်းနားလမ်းသစ် ၆ ရက် ယာယီ ပိတ်ဖို့ရှိပြီး ယာဉ်ကြောကျပ်တည်းနိုင်
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်း၏ ကမ်းနားလမ်းသစ်အပိုင်းကို ဖြတ်သန်း၍ သံမဏိယက်မများ တပ်ဆင်သွားမှာဖြစ်လို့ လမ်း၆ရက်ခန့် ပိတ်သွားဖို့ရှိနေတဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။ ယင်းတံတား တည်ဆောက်ရေး စီမံကိန်းရဲ့ ဆင်ခြေလျှောတံတားများဖြစ်တဲ့ Ramp Aနဲ့Ramp B တံတားများမှာ ကမ်းနားလမ်းသစ်ကို ဖြတ်သန်းပြီး သံမဏိယက်မများ တပ်ဆင်သွားဖို့ ရှိကြောင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်ရှိ တံတားဦးစီးဌာနက မြန်မာဆိပ်ကမ်း အာဏာပိုင်အဖွဲ့ထံ အကြောင်းကြား လာတာပါ။
အဲဒီလို တပ်ဆင်နေချိန်မှာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်ရဲ့ ပန်းဆိုးတန်းလမ်းနှင့် အလုံမြို့နယ် စံပယ်လမ်းထိပ်ကြား အပိုင်းကို လာမယ့်မတ်၁၈ရက်မှ ၁၉ရက်အထိ၂ရက်၊ မတ်၂၃တစ်ရက်နှင့် မတ်၂၅ရက်မှ ၂၇ရက်အထိ ၃ရက်ဖြင့် ၎င်းသတ်မှတ်ရက် ၆ရက်မှာ ယာယီပိတ်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မယ့် ကုန်သေတ္တာကားများ၊ ကုန်တင်ယာဉ်များ အနေဖြင့် အထက်ဖော်ပြပါ နေ့ရက်များအတွင်း ကမ်းနားလမ်းကို အသုံးပြုကာ ဝင်/ထွက်သွားလာကြရမှာ ဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အသိပေးထားပါတယ်။
"ဒီလိုကမ်းနားလမ်းသစ် ယာယီပိတ်လိုက်တဲ့အတွက် ကုန်သေတ္တာတွေ၊ ကုန်တင်ယာဉ်တွေကြောင့် ယာဉ်ကြော ကျပ်တည်းမှုတော့ ရှိသွားမယ်။ ဒါကိုလည်း အစိုးရစီမံကိန်းတစ်ခုအဖြစ် တည်ဆောက်နေတာ ဖြစ်တဲ့အတွက် ကမ်းနားလမ်းသစ် ပိတ်တဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကိုတော့ သည်းခံရမှာပါ။ ခဏတာ ပိတ်တဲ့အတွက် ဖြစ်တယ်။ ကမ်းနားလမ်း အသုံးပြု ရုံးတက်သွားလာနေသူတွေကတော့ ပိုပြီးအချိန်စောစော သွားဖို့တော့ လိုတာပေါ့နော်"လို့ အလုံမြို့နယ် အငှားယာဉ်မောင်း တစ်ဦးက MFN မေးမြန်းတာကို ဖြေကြားပါတယ်။
ရန်ကုန်-ဒလ တံတားတည်ဆောက်မှု စီမံကိန်းဟာ ၂၀၁၈ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း အပြီးတည်ဆောက်မယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် ကြေညာခဲ့ပေမယ့်လည်း ၂၀၁၉ခုနှစ် မေ၂၉ရက်မှ စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် အောက်တိုဘာလအတွင်း တံတားတစ်စင်းလုံးအပြီး တည်ဆောက်သွားဖို့ ထပ်မံခန့်မှန်းထားရှိခဲ့ပေမယ့်လည်း ကိုဗစ်-၁၉နဲ့ ပြည်တွင်းရေး အခြေအနေတွေကြောင့် ကြန့်ကြာခဲ့ရတာဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနထံမှ သိရပါတယ်။
ယင်းတံတားကြီး အလုံးစုံပြီးစီး တည်ဆောက်နိုင်ဖို့အတွက် လာမယ့်၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းလောက်ထိကို မျှော်မှန်းထားရှိတယ်လို့ သိရပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားက စုစုပေါင်းအရှည် ၁၈၆၇မီတာရှိပြီး၊ အကျယ်၂၆ဒသမ၅မီတာ၊ လေးလမ်းသွား သံမဏိကြိုးဆိုင်း တံတားဖြစ်ကာ တံတားခံနိုင်ဝန် ၇၅တန် လေးလမ်းသွား တံတားအမျိုးအစား ဖြစ်ပါတယ်။ တံတားတစ်စင်းလုံးရဲ့ စီမံကိန်းတန်ဖိုးမှာ ကိုရီးယားသမ္မတ နိုင်ငံဘက်မှ ချေးငွေအမေရိကန်ဒေါ်လာ ၁၃၇ဒသမ၈၃၃သန်းနဲ့ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ဒသမ၃၄၁သန်း စုစုပေါင်းစီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၈ဒသမ၁၇၄သန်း ဖြစ်တယ်လို့ သိရပါတယ်။