YPS ကတ်များကို အွန်လိုင်းဝန်ဆောင်မှုပေးနိုင်မယ့် Application ယခုနှစ်ထဲ အသုံးပြုဖို့ စီစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBSခရီးသည်တင်ယာဉ်တွေမှာ ကတ်စနစ်နဲ့ ယာဉ်စီးခပေးချေနိုင်တဲ့ YPSကတ်တွေကို ငွေဖြည့်တာ၊ လက်ကျန်ငွေစစ်ဆေးတာ၊ ခရီးသွားမှတ်တမ်းများ ပြန်လည်ကြည့်ရှု စစ်ဆေးတာ စတာတွေ ပြုလုပ်နိုင်မယ့် မိုဘိုင်းAppကို အခုနှစ်အတွင်း စတင်အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ Asia Starmar Transport Intelligent Co,Ltdက သိရပါတယ်။
လက်ရှိမှာလည်း YPSကတ်တွေနဲ့ ပတ်သက်တဲ့ ကတ်အရောင်းနဲ့ ကျန်ဝန်ဆောင်မှုတွေကို G&Gစတိုးဆိုင်တွေ၊ YPA Agent ဆိုင်တွေနဲ့ YPA Kiosk ဆိုင်တွေအပါအဝင် နေရာပေါင်း၁၂၀မှာ ဆောင်ရွက်ပေးနေတာပါ။“ဆိုင်တွေနဲ့ နေရာပေါင်း၁၂၀မှာ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတဲ့အပြင် ၊YPSကတ်တွေနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ တဆင့် ဆောင်ရွက်နိုင်မယ့် Mobile Applicationကိုလည်း ဒီနှစ်ထဲမှာ စတင်အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက် နေပါတယ်”လို့ Asia Starmar Transport Intelligent Co,Ltd တာဝန်ရှိသူက ပြောဆိုထားပါတယ်။
ဒီအပြင် YPSကတ် ပျောက်ဆုံးသွားပါက ကတ်အတွင်း ထည့်သွင်းထားသည့် ငွေများ ပျောက်ဆုံးမှု မရှိစေဖို့အတွက် YPSကတ် ရောင်းချသော နေရာများတွင်ဖြစ်စေ၊ YPS HotLine ဖုန်းနံပါတ်ကိုဖြစ်စေ မိမိတို့ ပျောက်ဆုံးသွားတဲ့ ကတ်နံပါတ်ကို အချိန်နဲ့တစ်ပြေးညီ အသိပေး အကြောင်းကြားကာ ကတ်ကို ပိတ်နိုင်ပါတယ်။
ခရီးသွား ပြည်သူများအနေဖြင့် YPSကတ်စနစ်ကို တွင်ကျယ်စွာ အသုံးပြုလာစေဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC)နှင့် Asia Starmar Transport Intelligent Co,Ltdတို့က ပူးပေါင်းဆောင်ရွက် နေတာပါ။ လက်ရှိမှာလည်း YPSကတ်စနစ် တပ်ဆင်ထားတဲ့ YBSယာဉ် အစီးရေ၃၀၀၀ခန့်ရှိပြီး ရောင်းချပြီးသား YPSကတ်အရေတွက်မှာလည်း ၁၅၀,၀၀၀ခန့်ရှိနေပြီး နေ့စဉ်အသုံးပြုနေသည့် ကတ်အရေအတွက်မှာ ၅၀,၀၀၀ကျော် ရှိတယ်လို့ သိရပါတယ်။