> 首页 > MFN

သင်္ကြန်ကာလအတွက် တောင်ကြီးနဲ့ ကလောမြို့တွေရှိဟိုတယ်နှင့် တည်းခိုခန်းများကြိုတင်မှာယူမှုများနေ

လာမည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် လည်ပတ်ကြမယ့် ခရီးသည်များအနေနဲ့ အပူဓာတ်လျော့နည်းပြီး နေထိုင်လို့ကောင်းတဲ့ တောင်ကြီးနဲ့ ကလောမြို့တွေကို ရွေးချယ်မှုများပြားနေတာမို့ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တောင်ကြီးနဲ့ ကလောမြို့တွေရဲ့ တည်းခိုခန်းများနဲ့ ဟိုတယ်တွေမှာ အခန်းကြိုတင်မှာယူတာတွေ များပြားနေတယ်လို့ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

“သင်္ကြန်ကာလက ပိတ်ရက်ရှည်ဖြစ်တယ်၊ ဒီဒေသရဲ့ ရာသီဥတုကလည်း အပူဓာတ်လျော့တယ်၊ သာယာတော့ လာလည်ပတ်သူ များတာပါ။ လက်ရှိမှာ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် ဟိုတယ်နဲ့ တည်းခိုခန်းတွေ အခန်းကြိုတင် မှာယူတာ များပြားနေတယ်။ တောင်ကြီးမြို့ပေါ်မှာ ဆိုရင် ဟိုတယ်ကြီးတွေက အခန်းတွေ ပြည့်နေပြီ။ ကလောမြို့မှာလည်း အလားတူပါပဲ”လို့ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၆၂လုံးရှိပြီး အဲဒီထဲကမှ တောင်ကြီးမြို့မှာတော့ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၅၁လုံးရှိပါတယ်။ ကလောမြို့မှာတော့ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၈လုံးအထိ ရှိနေတာပါ။ ကုန်ခဲ့တဲ့ ဖေဖော်ဝါရီလကတော့ တောင်ကြီးမြို့သို့ ပြည်တွင်းခရီးသွား ၂၃,၃၄၉ဦးနဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၃၈၂ဦး စုစုပေါင်း ၂၃,၇၃၁ဦး ဝင်ရောက်ခဲ့ပါတယ်။

အလားတူ ကလောမြို့သို့လည်း ပြည်တွင်းခရီးသွား ၇,၆၂၉ဦး၊ နိုင်ငံခြားသားခရီးသွား ၄၉ဦး၊ စုစုပေါင်း ၇,၆၇၈ဦး လည်ပတ်မှုရှိခဲ့တယ်လို့ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ ဒီအပြင် ပွင့်လင်းရာသီ ခရီးသွားကာလမို့ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ကလောမြို့တွေအပြင် ဟိုပုံး၊ ရွှေညောင်၊ ညောင်ရွှေ၊ ပင်းတယ၊ ရွာငံ၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်လောင်း၊ နမ့်စန်၊ ဖယ်ခုံစသည့် မြို့နယ်များသို့ပါ ခရီးသွား ဝင်ရောက်မှု များပြားလျက်ရှိနေတာလို့ သိရပါတယ်။ သို့ပေမယ့် အဲဒီမြို့နယ်တွေအနက် တောင်ကြီးနဲ့ ကလောမြို့နယ်တွေကတော့ သင်္ကြန်ကာလအတွက် ဟိုတယ်နဲ့တည်းခိုခန်းတွေမှာ အခန်းမှာယူမှု များပြားနေတာပါ။

ဒါကြောင့် ခရီးသွားတွေ ပိုမိုလည်ပတ်နိုင်ဖို့အတွက် အခုနှစ်တောင်ကြီး သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ မဏ္ဍပ်များ စီစဉ်နေပြီး ညောင်ရွှေမှာလည်း အင်းလေးရေပေါ်သင်္ကြန် ပြုလုပ်ရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: