ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာကိုပြန်လည်ဖွင့်လှစ်ကာယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုသင်တန်းများဆက်တိုက်ကျင်းပဖို့ရှိနေ
ကိုဗစ်-၁၉ကြောင့် ၂၀၂၀ပြည့်နှစ် မတ်လ၁၈ရက်နေ့မှစတင်၍ ခေတ္တပိတ်ထားခဲ့တဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှု စင်တာကို မတ်၂၁ရက်နေ့ (တရုတ်ရိုးရာChun Fenရာသီချိန်)မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် သွားမယ်လို့ အဆိုပါစင်တာမှ အသိပေးကြေညာလာပါတယ်။
အဆိုပါစင်တာကို ပြန်လည်ဖွင့်လှစ်ပြီးနောက် မတ်လ(၂၄)ရက်နေ့ မွန်းလွဲပိုင်းမှာ ၂၀၂၃ခုနှစ် နွေရာသီတရုတ်စာလက်ရေးလှ သင်တန်း၊ ၂၀၂၃ခုနှစ် နွေရာသီတရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်းနှင့် ၂၀၂၃ခုနှစ် နွေရာသီ ယူနန်ဟင်းလျာ အချက်အပြုတ် သင်တန်းများရဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
![]()
၎င်းသင်တန်းများက မြန်မာပြည်သူ အများစု အထူးသဖြင့် ကျောင်းသားလူငယ်များ၏ တစ်ခဲနက်အားပေးမှုကို ရရှိထားကာ အားလုံးကစိတ်ဝင်တစား တက်တက်ကြွကြွဖြင့် သင်တန်းများ လာရောက်အပ်နှံတာတွေ ရှိခဲ့ပြီး လက်ရှိမှာ သင်တန်းသား လက်ခံမှု စာရင်းပြည့်သွားပြီဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဧပြီလဆန်းပိုင်းတွင် စင်တာ၌“တရုတ်-မြန်မာ ရိုးရာပွဲတော်ရက် ယဉ်ကျေးမှု ဖလှယ်ခြင်း”ယဉ်ကျေးမှုဆွေးနွေးပွဲ၊“သီဆိုကြမယ်တရုတ်သီချင်း၊ သင်ယူကြမယ်တရုတ်စာ”လှုပ်ရှားမှုပွဲနှင့်“လက်ဖက်ရည်ကြမ်းနှင့်ဗျပ်စောင်း”ခံစားမှု ပွဲအစရှိသည့် လှုပ်ရှားမှုပွဲများကိုလည်း ပြုလုပ်သွားရန် ရှိနေပါတယ်။
လက်ရှိမှာလည်း နွေရာသီကာလဖြစ်တဲ့အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှု စင်တာ၌ အပတ်စဉ်အင်္ဂါ၊ ကြာသပတေး၊ စနေနေ့မနက်ပိုင်းတွင်“၂၀၂၃ခုနှစ်နွေရာသီ ဝူရှူးသင်တန်း”ကို ဖွင့်လှစ်လျက်ရှိပြီး ဝူရှူး(ထောက်လု)သင်တန်းနှင့် ထိုက်ကျီသိုင်းသင်တန်းတွင် သင်တန်းသား စုစုပေါင်း(၃၃)ဦး တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို အင်္ဂါနေ့မှစနေနေ့အထိ မနက်၉နာရီမှ နေ့လယ်၁၂နာရီအထိ လည်းကောင်း၊ နေ့လယ်၂နာရီမှ ညနေ၅နာရီအထိလည်းကောင်း ပုံမှန်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်တရုတ် ယဉ်ကျေးမှုစင်တာမှာ ပြခန်းမ၊ ဘက်စုံသုံးခန်းမ၊ စာကြည့်တိုက်၊ သင်တန်းသုံး စာသင်ခန်းများစသဖြင့်ရှိပြီး မြန်မာပြည်သူများအတွက် ယဉ်ကျေးမှုအနုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ တရုတ်တိုင်းရင်းဆေးပညာ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ ခရီးသွားမိတ်ဆက်ခြင်း လှုပ်ရှားမှုများ၊ အတွေးအမြင် ဆွေးနွေးဖလှယ်မှု အစရှိတဲ့ လှုပ်ရှားမှုများနဲ့ အကြောင်းအရာ အမျိုးမျိုးသော ပြပွဲများကို စင်တာအနေနဲ့ ခင်းကျင်းပြသလေ့ ရှိပါတယ်။