> 首页 > MFN

မြန်မာ့ပင်လယ်ပြင် ငါးမဖမ်းရ ရာသီကြောင့် နေ့စဉ်ငါးသယ်လှေ အစီး ၂၀ ကျော် ထိုင်းသို့ တင်ပို့မှုလျော့ကျနိုင်

ယခုနှစ်အတွင်း မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရ ရာသီကို လာမယ့်ဧပြီလမှ ဇွန်လအထိ အချိန်(၃)လ သတ်မှတ်လိုက်ပါတယ်။ ပြည်တွင်း၌ ငါးသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူစားသုံးနိုင်ရေးအတွက် ငါးမဖမ်းရရာသီကို နှစ်စဉ်သတ်မှတ် နေတာလို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

ဒါကြောင့်မို့ အဆိုပါကာလအတွင်း ကမ်းဝေးငါးဖမ်းစက်လှေများရဲ့ ငါးဖမ်းဆီးမှုတွေကို ရပ်တန့်ထားရမှာ ဖြစ်ပြီး ကမ်းနီးမှရရှိတဲ့ ငါး၊ပုစွန်စတဲ့ ရေထွက်ကုန်တွေကိုသာ ပြည်တွင်းဈေးကွက်သို့ တင်ပို့တာ၊ ထိုင်းနိုင်ငံရနောင်းသို့ တင်ပို့တာတွေကို လုပ်ဆောင်ရမှာမို့ ရနောင်းသို့ တင်ပို့နိုင်ချေတော့ လျော့နည်းသွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“၂၀၂၃ခုနှစ် ငါးမဖမ်းရရာသီကို လာမယ့်ဧပြီလကနေ ဇွန်လအထိ သတ်မှတ်ထားတယ်။ အဲဒီကာလမှာ ကမ်းဝေး ငါးဖမ်းလှေတွေကို ရပ်နားပြီး ကမ်းနီးကရတဲ့ ငါးပုစွန်ရေထွက်ကုန်တွေကိုပဲ ထိုင်းရနောင်းကို တင်ပို့ရမှာဆိုတော့ ပို့ကုန်တော့ နည်းသွားမယ်”လို့ ၎င်းကပြောဆိုထားပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိတဲ့ ငါး၊ပုစွန်စတဲ့ ရေထွက်ကုန်တွေကို ထိုင်းနိုင်ငံရနောင်းသို့ တင်ပို့နေပြီး ငါးဖမ်းရာသီအတွင်း နေ့စဉ်ငါးသယ်လှေ ၂၆စင်းလောက်နဲ့ ပို့ဆောင်နေတာပါ။

သို့သော် ငါးမဖမ်းရာရာသီအတွင်းမှာတော့ နေ့စဉ်ငါးသယ်လှေ ၅စင်းခန့်လောက်သာ တင်ပို့နိုင်မှာမို့ ငါးသယ်လှေ အစီး၂၀လောက်အထိ တင်ပို့နိုင်ချေ လျော့နည်းသွားမယ်လို့ သိရပါတယ်။ မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရရာသီကို ကုန်ခဲ့တဲ့၂၀၂၁ခုနှစ်ကတော့ မေလမှဇူလိုင်လအထိ (၃)လသတ်မှတ်ခဲ့သလို၊ ၂၀၂၂ခုနှစ်မှာတော့ ကာလပြောင်းလဲကာ ဧပြီလမှဇွန်လအထိ(၃)လ သတ်မှတ်ခဲ့တာပါ။ အခုနှစ်၂၀၂၃ခုနှစ်မှာလည်း ဧပြီလမှ ဇွန်လအထိသာ (၃)လသတ်မှတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ငါးမဖမ်းရရာသီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခြင်းရပ်နားရမှာပါ။

အဲလို ကမ်းဝေးငါးမဖမ်းရ ရာသီ၃လပိတ်လိုက်တဲ့အတွက် ရာသီအလိုက် ပြည်တွင်းစားသုံးမှု ဈေးကွက်မှာ ငါးဈေးနှုန်းဟာ မြင့်တက်လာနိုင်တဲ့ အခြေအနေတွေရှိသလို ရေထွက်ပို့ကုန်တွေမှာလည်း လျော့ကျလာနိုင်တဲ့ အကျိုးသက်ရောက်မှုလည်း ရှိနိုင်တယ်လို့ လုပ်ငန်းရှင်အချို့က မှတ်ချက်ပြုထားရှိပါတယ်။ သို့ပေမယ့်လည်း ပြည်တွင်းငါးသယံဇာတ မဆုံးရှုံးစေဖို့အတွက် ထိန်းချုပ်ဖို့လိုအပ်သလို ကန့်သတ်ရာသီအတွင်း တရားမဝင် ငါးခိုးဖမ်းနေမှုတွေကိုတော့ တားဆီးရန် လိုအပ်ချက်ရှိနေတယ်လို့လည်း ၎င်းလုပ်ငန်းရှင်များက ဆိုထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: