> 首页 > MFN

ဧပြီ ၁ ရက်နေ့ စတင်အသက်ဝင်မယ့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု အပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အတွက် မူပိုင်ခွင့်ကဏ္ဍဟာ အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်နှင့် ပတ်သက်လို့ သီးသန့်ဥပဒေတစ်ရပ်အနေဖြင့် ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၉ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သော မူပိုင်ခွင့်ဥပဒေ(၄)ရပ် အနက်ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကာ ၂၀၂၃ခုနှစ်ဧပြီ၁ရက်နေ့တွင် စတင်အသက်ဝင်ပြီ ဖြစ်ပါတယ်။

အဆိုပါဥပဒေပုဒ်မ ၉၃၊ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့်အတိုင်း စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်များနှင့် မှတ်ပုံမတင်ထားသော်လည်း စျေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်များဟာ မူပိုင်ခွင့်ဌာနသို့ ပြန်လည်လျှောက်ထား ရမှာဖြစ်သလို ပထမဦးစွာ လက်ရှိကျင့်သုံးနေသော ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် (First to Use System)မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System)သို့ ပြောင်းလဲကျင့်သုံး လိုက်တာ ဖြစ်ပါတယ်။

မှတ်ပုံတင်ထားသော အမှတ်တံဆိပ်၏ မှတ်ပုံတင်သက်တမ်းဟာ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားချက် တင်သွင်းသည့် နေ့မှစ၍ ၁၀နှစ်ဖြစ်ပြီး သက်တမ်းကုန်ပါက တစ်ကြိမ်လျှင် ၁၀နှစ်စီ သက်တမ်းထပ်မံ တိုးနိုင်တယ်လို့ သိရှိရပါတယ်။ ပထမအဆင့်အနေဖြင့် ကုန်အမှတ်တံဆိပ်ပိုင်ရှင်များဟာ မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင် အဖွဲ့များမှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် မိမိတို့ကိုယ်တိုင် မူပိုင်ခွင့်ဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင် အဖွဲ့များမှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ပထမအဆင့်တွင် လျှောက်ထားသူများနှင့် ဒုတိယအဆင့်တွင် လျှောက်ထားသူများအနေဖြင့် တူညီသည့် အခွင့်အရေးများကို ခံစားရမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားထားပါတယ်။ ကုန်သည်လုပ်ငန်းရှင် တစ်ဦးက“ကုန်အမှတ်တံဆိပ်များကို အများဆုံး မှတ်ပုံတင်ထားရှိရသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အဝတ်အထည်နှင့် စားသောက်ကုန်လုပ်ငန်းများ၊ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ ကုန်အမှတ်တံဆိပ်ကို မူပိုင်ခွင့်မှတ်ပုံတင်ထားရှိမှသာ အမှန်တကယ် ကုန်အမှတ်တံဆိပ်ပိုင်ရှင်များ ဖြစ်နိုင်တာမို့ မှတ်ပုံတင်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ မှတ်ပုံမတင်ထားတဲ့ သူတွေအဖို့ ကုန်အမှတ်တံဆိပ်တွေကို ဆက်လက်အသုံးပြုလို့ ရနေသေးတယ်ဆိုပေမယ့် စျေးကွက်မှာအပြိုင်အဆိုင်တွေ၊ အဟန့်အတားတွေ၊ အမှတ်တံဆိပ် ဆင်တူယိုးမှားဖြစ်လာတဲ့အခါ အကာအကွယ်ပြုပေးနိုင်မယ့် ဥပဒေရဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ယခင်𝐅𝐢𝐫𝐬𝐭𝐭𝐨𝐔𝐬𝐞စနစ်မှာတော့ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ စျေးကွက်ထဲမှာ လက်ရှိအမှန်တကယ် အသုံးပြုနေဖို့နဲ့ ဆက်တိုက်အသုံးပြုနေဖို့သာ လိုအပ်ပေမယ့် အသစ်ပြင်ဆင်လိုက်တဲ့ 𝐅𝐢𝐫𝐬𝐭𝐭𝐨𝐅𝐢𝐥𝐞စနစ်မှာတော့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ကို အဦးဆုံးမှတ်ပုံတင်နိုင်သူသာ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးနဲ့ အကျိုးကျေးဇူးများကို ဦးစွာခံစားရရှိမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

မူပိုင်ခွင့်ဥပဒေများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ပြီးနောက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ခုနှစ်တွင် လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ခုနှစ်တွင်လည်းကောင်း အာဏာသက်ဝင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ၂၀၂၀ပြည့်နှစ်ကတည်းက ပြောဆိုထားပါတယ်။

ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခုကို ထုတ်လုပ်လုပ်ကိုင်နေတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင် တစ်ဦးက“နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေတွေ ရှိလာတဲ့အခါမှာ စျေးကွက်တွေမှာ ကိုယ့်brand တည်ဆောက်တဲ့အခါမှာ မိမိတည်ဆောက်တဲ့ brandကို အကာအကွယ်တွေလည်း ပိုရလာမယ်လို့ ယုံကြည်ပါတယ်”လို့ သူ့အမြင်ကို ပြောပါတယ်။

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားရာတွင် အခကြေးငွေ ကောက်ခံနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် ဘဏ်များအဖြစ် CBဘဏ်နှင့် AYAဘဏ်တို့အကြား ယခုနှစ်မတ်လ၉ရက်နေ့က လက်မှတ်ရေးထိုး ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဉာဏ ပစ္စည်းဆိုင်ရာအဖွဲ့ (WIPO)သို့ ၂၀၀၁ခုနှစ်မှာ ဝင်ရောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မူပိုင်ခွင့်ဥပဒေများကို လိုက်နာဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့မူပိုင်ခွင့်စနစ် တစ်ရပ်ကို ကျင့်သုံးဆောင်ခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေနိုင်မှာ ဖြစ်ပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: