မဟာသင်္ကြန်ပွဲတော်မှာ မြန်မာမှု ထိန်းသိမ်းပြီး ယဉ်ကျေးသိမ်မွေ့စွာ ဆင်နွှဲကြဖို့ နှိုးဆော်
မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းသွားဖို့ ရှိနေပြီး သင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေဖို့နဲ့ ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ သင်္ကြန်ကာလအတွင်း ရှောင်ကြဉ်ရန် အချက်တွေကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နှိုးဆော်ထုတ်ပြန် လိုက်ပါတယ်။
အဲဒါတွေကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် နေထိုင်ပြုမူခြင်း၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုခြင်း တစ်ပါးသူအား ဒဏ်ရာအနာတရ ဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားခြင်း၊ ထိပါးနှောက်ယှက်ခြင်း၊ သူတစ်ပါး(သို့) အဖွဲ့စည်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားစေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း၊ အခြားနိုင်ငံသားများက မြန်မာ့ရိုးရာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်း လိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်း စတာတွေကို ဆင်ခြင်ရှောင်ကြည်ကြဖို့ ပါဝင်ပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျင်းပပြုလုပ်ခဲ့တာပါ။ သို့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်စနစ်အရ သင်္ကြန်ပွဲတော် ကျင်းပပုံများလည်း အဆင့်ဆင့် ပြောင်းလဲလာခဲ့သလို သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ၊ အလွန်အကျွံ သောက်စားမူးယစ် ပျော်ပါးမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း များပြားလာတာမို့ လာမယ့်၂၀၂၃ခုနှစ် သင်္ကြန်ပွဲတော်ကို ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့အညီ ထိန်းသိမ်းပျော်ပါးကြဖို့ အခုလို နှိုးဆော်ထားတာပါ။