> 首页 > MFN

လျှပ်စစ်မီးကို မသမာသောနည်းဖြင့် သုံးစွဲသူများရှိနေလို့ ကွင်းဆင်းစစ်ဆေးကာ ဖော်ထုတ်မယ်

မီတာမရှိဘဲ တိုက်ရိုက်ခိုးယူခြင်း၊ မီတာရှိပြီး မီတာမတက်အောင် လုပ်ခြင်းနှင့် ဆင့်ပွားဓါတ်အား ဆက်သွယ်အသုံးပြုခြင်း အပါအဝင် လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲမှုများ တွေ့ရှိနေရလို့ ကွင်းဆင်းစစ်ဆေးကာ ဖော်ထုတ်တွေ့ရှိပါက ငွေဒဏ်အပြင် အများဆုံးထောင်၁၀နှစ် ပြစ်ဒဏ်အထိ ချမှတ်မယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အနေနဲ့ လူမှုရေး၊ စီးပွားရေးနှင့် လုံခြုံရေးများအတွက် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်သယ်ပို့ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်နေရာ တရားဝင် ဓာတ်အားသုံးစွဲခွင့် ပြုထားသော ပြည်သူအချို့နှင့် တရားဝင်သုံးစွဲခွင့် မရရှိသေးသော ပြည်သူအချို့ဟာ မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင် သုံးစွဲမှုများ ပြုလုပ်လျက် ရှိတာကို တွေ့ရှိနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါ နည်းလမ်းများအတွင်း အထက်ပါနည်းလမ်းများ အပါအဝင် နည်းလမ်း(၁၁)ခုဖြင့် တရားမဝင် အသုံးပြုနေတာကြောင့် ဓာတ်အားပျောက်ဆုံးမှုများ၊ ဗို့အားကျဆင်းမှုများ၊ ထရန်စဖော်မာများမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုများ၊ ဓာတ်လိုက်မှု အန္တရာယ်များ၊ မီးဘေးအန္တရာယ်များနှင့် နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍတွင် ဝင်ငွေများလျော့နည်း ကျဆင်းမှုများဖြစ်ပေါ်နေတဲ့အပြင် တရားဝင်ဓာတ်အားသုံးစွဲသူ ပြည်သူများအတွက်လည်း အနှောက်အယှက်လည်း ဖြစ်ပေါ်စေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါကိစ္စကို သက်ဆိုင်ရာမြို့နယ်များမှလည်း အဖွဲ့ဖြင့်ကွင်းဆင်း စစ်ဆေးမှာဖြစ်ပြီး အထက်ပါဖော်ပြထားတဲ့ တရားမဝင်နည်းလမ်းတွေနဲ့ ဓာတ်အားသုံးစွဲမှု တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးဖော်ထုတ် တွေ့ရှိပါက မီးသုံးစွဲကာယကံရှင်နှင့်အတူ ပူးပေါင်းကြံစည် ပါဝင်လုပ်ဆောင်သူများအား ဓာတ်အားဖြတ်တောက်ခြင်း၊ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်းများဖြင့် အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အပြင် ၂၀၁၄ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ(၅၂)၊ (၅၃)အရအမှုဖွင့် တရားစွဲဆိုခြင်းခံရမှာဖြစ်ပြီး၊ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက ငွေဒဏ်အပြင် အနည်းဆုံး၅နှစ်မှ အများဆုံး၁၀နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမှာ ဖြစ်တယ်လို့လည်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကြိုတင်အသိပေး ထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: