ကော်ပိုရိတ်ငွေချေးစာချုပ်ဈေးကွက် (Corporate Bond Market) ကို ထပ်မံဆောင်ရွက်သွားမယ့် YSX
နောင်လာမယ့် ရန်ကုန်စတော့အိပ်ချိန်း (YSX)ရဲ့ လုပ်ငန်းစဉ်များအတွင်း ကော်ပိုရိတ် ငွေချေးစာချုပ် ဈေးကွက် (Corporate Bond Market)ကို ထပ်မံဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့မတ်လ၂၈ရက်နေ့က ပြုလုပ်တဲ့ရန်ကုန် စတော့အိပ်ချိန်း (၇)နှစ်ပြည့်အခမ်းအနားမှာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်စတော့အိပ်ချိန်း (YSX)စာရင်းဝင် ကုမ္ပဏီများအတွက် ကော်ပိုရိတ်ဝင်ငွေခွန် (CIT)ဖြေလျှော့ပေးခြင်းကို နှစ်စဉ်ပြည်ထောင်စု အခွန်အကောက် ဥပဒေမှာ ထည့်သွင်းပြဌာန်းပေးပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတွေကို ဖော်ဆောင်ပေးထားတယ်လို့ ၎င်းကဆိုပါတယ်။
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက“ငွေချေးစာချုပ်နှင့် စတော့ရဲ့ အဓိကကွာခြားချက်က စတော့ကိုင်သူဟာ လုပ်ငန်းရဲ့ တစိတ်တဒေသကို ပိုင်သူဖြစ်လာပြီးတော့ ငွေချေးစာချုပ်ကိုင်သူက လုပ်ငန်းကို အကြွေးရှိသူသာ ဖြစ်တယ်။ တခြားတစ်ဖက်က ကြည့်ရင် သက်တမ်းပြည့်ရင် ငွေချေးစာချုပ် ကိုင်သူက လုပ်ငန်းနှင့် မဆိုင်တော့ပေမယ့် စတော့ကိုင်သူကတော့ လုပ်ငန်းရှိသရွေ့ ပိုင်ဆိုင်မှုရှိနေမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံတွင် ကုမ္ပဏီ၊ အဖွဲ့အစည်းများက ထုတ်ဝေသော ကော်ပိုရိတ်ငွေချေး စာချုပ်ဈေးကွက်အစပျိုး ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့က မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်နှင့် International Finance Corporation(IFC) တို့အကြား နည်းပညာအကူအညီပေးရန် ကမ်းလှမ်းသည့် စာလွှာ (Advisory Engagement Letter)အား လက်မှတ်ရေးထိုး ထားပါတယ်။
အဆိုပါ နည်းပညာအကူအညီပေးရန် ကမ်းလှမ်းသည့် စီမံချက်မှာ သက်တမ်းအားဖြင့် (၃)နှစ်၊(၇)လ ကြာမြင့်မည်ဖြစ်ပြီး၊ အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ကာ ပထမအဆင့်တွင် ကော်ပိုရိတ်ငွေချေးစာချုပ် ထုတ်ဝေရာတွင် အသုံးပြုရမည့် ပုံစံများပြုစုရေးဆွဲပေးပြီး ကနဦးစမ်းသပ်ထုတ်ဝေမှု (Pilot Project) ဆောင်ရွက်မယ်လို့ ၂၀၂၀ပြည့်နှစ်က ထုတ်ပြန်ထားပါတယ်။
ဒုတိယအဆင့်တွင် Qualified Investorများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သော ဈေးကွက်ဖြစ်သည့် Wholesale Corporate Bond Market ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ပြီး၊ တတိယအဆင့်တွင် ပထမအဆင့်နှင့် ဒုတိယအဆင့်များ၏ အကောင်အထည်ဖော်နိုင်မှုနှင့် ဈေးကွက်၏ တောင်းဆိုမှုအပေါ်တွင် မူတည်၍ ဆက်လက်ဆောင်ရွက် သွားမယ်လို့ သိရှိရပါတယ်။
ယခုအချိန်မှာ စတော့ရှယ်ယာတွေကို နိုင်ငံခြားသားတွေ ပါဝင်ရောင်းချနိုင်ဖို့ ခွင့်ပြုပေးထားပြီး မိမိတို့နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို ဝယ်ယူနိုင်ပြီး၊ လက်ရှိမှာသေးငယ်တဲ့ အများပိုင်ကုမ္ပဏီ (အထူးသဖြင့် SME,MSME) လုပ်ငန်းတွေ စာရင်းဝင် ကုမ္ပဏီဖြစ်လာစေဖို့ Pre-Listing Boardကို တည်ထောင်ပေးထားတယ်လို့ (YSX)၇နှစ်ပြည့် အခမ်းအနားမှာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောဆိုထားပါတယ်။